သာစည်တွင် ကလေးစာပေပွဲနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲ ကျင်းပ
DVB
·
January 11, 2020
မန္တလေးတိုင်း၊ သာစည်မြို့နယ် ဟင်းခွက်အိုင်ရွာမှာ သာစည်ပြန်/ဆက်က ဦးစီးပြီး ကလေးစာပေပွဲတော်နဲ့ကလေးတွေ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇန်နဝါရီ ၁၀ ရက်ကနေ ၁၂ ရက်အထိ ကျင်းပနေပါတယ်။
သာစည်ပြန်/ဆက်ဦးစီးမှူးဒေါ်သင်းသင်းက "ကလေးဘဝထဲက စာဖတ်ခြင်းကို ပိုမို နှစ်သက်ပြီး စာဖတ်တဲ့ အလေ့အကျင့်ကောင်းလေး ရစေချင်လို့ လုပ်တာပါ။ ကလေးစာအုပ် စာပေ မျိုးစုံပါပါတယ်။ အဲစာအုပ်တွေကို ယူဖတ်လို့ ရပါတယ်။ ဝယ်ချင်ရင်လည်း ရောင်းပါတယ်။ ကလေး တွေနဲ့ပတ်သက်တဲ့ စာအုပ် ၃ အုပ်ကို ၁ ထောင်ကျပ်နဲ့ ရောင်းပါတယ်" လို့ ပြောပါတယ်။
ဒေသခံကလေးမိဘဦးထွန်းထွန်းက "အခုလို ကျေးရွာတွေအထိ ကလေးစာပေပွဲတော် လုပ်ပေးတာ ကောင်းပါတယ်။ ကျနော်တို့ ငယ်ငယ်ကတော့ စာအုပ်တွေ ငှားဖတ်ရတယ်၊ လဲလှယ်ပြီး ဖတ်ရတယ်။ စာဖတ်ပြီး သူငယ်ချင်းအချင်းချင်း ပြန်ဝေဖန်ကြတယ်။ အခုခေတ် တယ်လီဖုန်းတွေ ပေါ်လာတာ စာဖတ်အားတွေ ကျကုန်တယ်။ ဖုန်းပွတ်တယ်၊ ဂိမ်းဆော့တယ် ဖြစ်ကုန်တယ်။ အခုလိုပွဲတွေ များများလုပ်ပေးမှ ကလေးတွေ စာဖတ်လာမယ်" လို့ ပြောပါတယ်။
သာစည်မြို့နယ်မှာ ကလေးစာပေပွဲတော်နဲ့ကလေးတွေ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ၂၀၁၉ ခုနှစ်သြဂုတ်လမှာ ပထမအကြိမ်ကျင်းပခဲ့ပြီး အခု ဒုတိယအကြိမ် ကျင်းပါတာပါ။
ပွဲတော်မှာ ကလေးတွေအတွက် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ ဆေးရောင် ခြယ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဂိမ်းကစားတာ၊စကားပုံဆက်တာ၊ အရုပ်ဆက်တာ စတဲ့ကစားနည်းတွေကို ကလေးများ စိတ်ဝင်စားပြီး ပွဲတော်ကို လာချင်အောင် ထည့်သွင်းထားတဲ့အပြင် ဖျော်ဖြေပွဲနဲ့ အကျွေးအမွေးလည်း ပါဝင်ပါတယ်။
မောင်မောင်လင်း