ရန်ကုန်က စားသောက်ဆိုင် ၂ ခုကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ချိတ်ပိတ်
DVB
·
January 10, 2020
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်နဲ့ တောင်ဥက္ကလာပမြို့နယ်တွေက စားသောက်ဆိုင်နှစ်ဆိုင်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က လာရောက်ချိတ်ပိတ်ခဲ့ကြောင်း ဒေသန္တရအာဏာပိုင်တွေ က ပြောပါတယ်။
ပြီးခဲ့တပတ်လောက်က တောင်ဥက္ကလာပမြို့နယ် ရတနာလမ်းမပေါ်မှာ ဖွင့်လှစ်ထားတဲ့ မဟာနွယ်စားသောက်ဆိုင်ကို လာရောက်ချိတ်ပိတ်ခဲ့ပြီး၊ မနေ့ကလည်း တာမွေမြို့နယ်၊ အာသောက လမ်းပေါ်က Phoenix စားသောက်ဆိုင်ကို လာရောက်စစ်ဆေးပြီး ချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်။
Phoenix စားသောက်ဆိုင်ဟာ အခန်းငှားပြီး ဆိုင်ဖွင့်တာတနှစ်ကျော်ရှိပြီဖြစ်ပြီး ဆိုင်ဟာ မောင်နှမ အတူပိုင်ဆိုင်တာဖြစ်ကြောင်း၊ လာရောက်ချိတ်ပိတ်ရာမှာ သက်သေအဖြစ်ပါခဲ့တဲ့ တာမွေမြို့နယ် မလွကုန်းဌေးကြွယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်ဌေးက ပြောပါတယ်။
ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က လာရောက်ချိတ်ပိတ်ရာမှာ ဘယ်သူမှ မကျူးကျော်ရ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အဖွဲ့၊ စိစစ်ရေးအဖွဲ့က ယာယီသိမ်းဆည်းထားကြောင်း၊ ဝင်ရောက်ကျူးကျော်ပြောင်းလွှဲ၊ လွှဲပြောင်း ဖောက်ဖျက်ပါက ဥပဒေအရ အရေးယူခံရမည် ဆိုတဲ့ စာသားပါတဲ့ ပိုစတာကို ဆိုင်နှစ်ဆိုင်လုံးမှာ ချိတ်ဆွဲထားပါတယ်။
၂၀၁၄ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ၂၀၁၄ ခုနှစ်မှ ယနေ့အထိ အမှုပေါင်း ၉၂ မှု စုံစမ်းစစ်ဆေးခဲ့ပြီး တရားစွဲတင်ခဲ့တဲ့ အမှုပေါင်း ၂၄ မှု၊ တရားစွဲတင်ဖို့ ဆောင်ရွက်ဆဲ ၃၄ မှုနဲ့ ပြစ်ဒဏ်ချမှတ်အရေးယူနိုင်မှု ၁၀ မှုရှိပါကြောင်း၊ စုစုပေါင်း တန်ဖိုးကျပ် ၆၀၃၁ သန်းကို နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ပြီးဖြစ်ကြောင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက သိရပါတယ်။