ပြည်ထောင်စုထူထောင်ရေးအတွက် အဓိက ဆန္ဒရှိရန်လိုအပ်ဟု နိုင်ငံတော်အတိုင်ပင်ခံ ပြော
DVB
·
January 10, 2020
ပြည်ထောင်စုထူထောင်နိုင်ရေးအတွက် အဓိက ဆန္ဒရှိဖို့လိုပြီး ပြည်ထောင်စုအပေါ် ယုံကြည်ချက်ရှိကြရန် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
ဇန်နဝါရီ ၉ ရက်နေ့ ကချင်ပြည်နယ် ခရီးစဉ်အတွင်း ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံရာမှာ အခုလို ပြောကြားခဲ့တာပါ။
“ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုဆိုတာဟာ လူမျိုးပေါင်းမျိုးစုံနဲ့ ထူထောင်ထားတဲ့နိုင်ငံပါ။ ကျမတိုတို့နိုင်ငံအနေနဲ့လည်း ဒီလိုပြည်ထောင်စုမျိုး မထူထောင်နိုင်စရာမရှိပါဘူး။ အဓိကကတော့ ဆန္ဒရှိရေးပဲဖြစ်ပါတယ်။ တကယ်ပဲ ကျမတို့ရဲ့ အသည်းနှလုံးထဲမှာ ပြည်ထောင်စုဆိုတဲ့ ဆန္ဒရှိရဲ့လားဆိုတာ တယောက်ချင်း တယောက်ချင်းက စိစစ်ဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုစဉ်းစားသလဲ။ ငါက ကချင်၊ ငါက ဗမာ၊ ငါက ရှမ်းဆိုပြီးတော့ စဉ်းစားသလား၊ ငါက ပြည်ထောင်စုသားယောက်ဆိုပြီးတော့ စဉ်းစားသလား၊ ဒါကို အလေးထားစေချင်ပါတယ်။”
ဒီပြည်ထောင်စုအတွင်းမှ မတူညီတဲ့လူမျိုးတွေ၊ မတူညီတဲ့ ဘာသာစကားပြောသူတွေ မတူညီတဲ့ကိုးကွယ်တဲ့ ဘာသာမတူသူတွေ ရှိနိုင်မှာဖြစ်ပေမဲ့ အားလုံး ပြည်ထောင်စုသားချင်းတွေ ဆိုတဲ့ စိတ်ဓာတ်ထားရင် ဒီနိုင်ငံ စည်းလုံးညီညွတ်မှုမရှိစရာ အကြောင်းမရှိဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ပြည်ထောင်စုက ဒုတိယဘယ်တော့မှဖြစ်လို့ မဖြစ်ပါဘူး။ ပြည်ထောင်စုဆိုတာ ပထမပဲ ဖြစ်ရမယ်” လို့ သူက သတိပေးခဲ့ပါတယ်။
အလားတူငြိမ်းချမ်းရေးရဖို့နဲ့ ပြည်ထောင်စုနိုင်ငံတခုဖြစ်လာဖို့ စည်းလုံးညီညွတ်မှု အရေးကြီးတယ်လို့ အတိုင်ပင်ခံက ပြောဆိုခဲ့ပါတယ်။
“ကျမတို့ပြည်နယ်တွေမှာဆိုရင် ငြိမ်းချမ်းရေး မရသေးပါဘူး။ ငြိမ်းချမ်းရေးမရသေးတဲ့ ကိစ္စနဲ့ ပြည်ထောင်စုကို ဦးတည်တဲ့ ရည်ရွယ်ချက်နဲ့ နှစ်ခုဆိုတာဟာ ဒွန့်တွဲနေပါတယ်။ ငြိမ်းချမ်းရေးရမှ ကျမတို့ တကယ်ခိုင်မြဲတဲ့ ပြည်ထောင်စုတခုထူထောင်နိုင်မှာပါ။ တကယ်ခိုင်မြဲတဲ့ ပြည်ထောင်စုတခု ထူထောင်နိုင်မှသာလျှင် ကျမတို့ရဲ့ ငြိမ်းချမ်းရေးကို ရေရှည်မှာ ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာဟာ အချင်းချင်းကြားမှာ စည်းလုံးညီညွတ်မှုကို အခြေခံပါတယ်။”
စည်းလုံးညီညွတ်မှုဆိုတာဟာ မတူတဲ့သဘောထားတွေကို ညှိနှိုင်းတဲ့အရည်အချင်းအပေါ်မှာ မူတည်တဲ့အပြင် ပြည်ထောင်စုထူထောင်ရေးအတွက် အလျော့ပေးသင့်ရင် အလျော့ပေးရမယ်၊ ပြည်ထောင်စုထူထောင်ရေးကို ထိခိုက်မယ့်ကိစ္စတွေဆိုရင် အလျော့မပေးဘဲ တင်းခံသင့်ရင် တင်းခံရမယ်လို့ ငြိမ်းချမ်းရေးနဲ့ ပြည်ထောင်စုထူထောင်ရေး ဆွေးနွေးရာမှာ ထည့်သွင်း စဉ်းစားသင့်တဲ့အချက်တချို့ကိုလည်း အကြံပြုခဲ့ပါတယ်။
“ကျမတို့ရဲ့ ပြည်ထောင်စုသားချင်းအားလုံးကို ပြည်ထောင်စုအပေါ်မှာ ယုံကြည်ချက်ရှိ စေချင်ပါတယ်”လို့ ကချင်ပြည်နယ်လူထုကို အားပေးပြောဆိုခဲ့ပါတယ်။