ဂျူဝယ်လ်သီဆိုသည့် ‘ဖွင့်ဟဝန်ခံချက်’ ရုပ်ရှင်ဇာတ်ဝင်တေး အွန်လိုင်းပေါ်နာမည်ကြီးနေ(ရုပ်သံ)
DVB
·
January 10, 2020
“အစကတည်းက ဆုံးဖြတ်ချက် မှားခဲ့တာ ငါ ပါ… ခြေလှမ်းတိုင်း မင်းအနီးဆုံး ရောက်ဖို့ လာခဲ့တာ… မင်းဘက်က ရပ်နေရုံသာ… ကမ္ဘာကြီး ဆုံးတဲ့အထိ… ထူးခြားစရာမရှိ”
ဒါကတော့ လက်ရှိရုံတင်ပြသနေတဲ့ ‘မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်’ ရုပ်ရှင်ကားရဲ့ ဇာတ်ဝင်သီချင်းတပုဒ်ဖြစ်ပြီး ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့ပါတယ်။
နာမည်ကြီး တေးရေးဆရာ မြင့်မိုးအောင်ရေးစပ်ပေးထားပြီး ‘ဖွင့်ဟဝန်ခံချက်’လို့ အမည်ပေး ထားတဲ့ ဒီသီချင်းကိုတော့ ပရိသတ်အချစ်တော် တေးသံရှင် ဂျူဝယ်လ်က သီဆိုပေးထားခဲ့တာ ဖြစ်ပါတယ်။
“ကျိန်စာများလား ပေးခဲ့သမျှ မင်းအတွက် အရာမထင်ပါ… တဖြည်းဖြည်းနဲ့ ရုန်း ထွက်မရ အချစ်ရဲ့ဝင်္ကပါထဲမှာ… မင်း အတ္တရဲ့ ထောင်ချောက်တွေကို… သတိမထားမိခဲ့တော့… ငါ ရှုံးခဲ့ပြီပေါ့”
နာမည်ကြီး စာရေးဆရာမ ဂျူးရဲ့ဝတ္ထုကို ရုပ်ရှင်အနေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဒီ ရုပ်ရှင်ကို မနေ့ကစပြီး ရုံတင်ပြသနေတာပါ။
ဒီကားကိုတော့ သင်္ကေတရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး စာရေးဆရာမ ဂျူးက ကိုယ်တိုင်ဇာတ်ညွှန်းခွဲထားပေးခဲ့တာဖြစ်ပါတယ်။ ဒီကားကို ဒါရိုက်တာ မီးပွားက ရိုက်ကူးပုံဖော်ပေးထားတာပါ။
သက်နှင်းအိမ်၊ ယုမော်၊ ကိုအောင်စတဲ့ ဇာတ်ကောင်တွေရဲ့ အချစ်၊ အမုန်း၊ ဂုဏ် သိက္ခာနဲ့ အငြိုးအတေး အားပြိုင်လွန်ဆွဲမှုတွေကို ဘယ်လိုရိုက်ကူးပုံဖော်ထားမလဲဆိုတာ ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာဖြစ်ပြီး ပရိသတ်အချစ်တော် လူငယ်သရုပ်ဆောင် ဒေါင်း၊ စိုင်းစည်တွမ်ခမ်း၊ ပိုင်ဖြိုးသုတို့က အတွဲညီညီနဲ့ ခေါင်းဆောင်ပါဝင်ထားကြပါတယ်။
“ငါ မှားတယ် အချစ် တခုပဲ… ရွေးခဲ့တာ မှား… ငါ ပေးဆပ်ခဲ့သမျှ ဘယ်ကို လွှင့် ပစ်လိုက်ပြီလဲ… ရင်ထဲမှာ ချစ်ခြင်း နဲ့… အမုန်းတွေ တပြိုင်တည်း… နာကျည်းခြင်းနဲ့… ငါ အမုန်းဆုံးက မင်းတယောက်ပဲ… အချစ်ဆုံးလည်း မင်းတယောက်ထဲ”
အလွမ်းအဆွေးသီချင်းတွေနဲ့ ပရိသတ်ကြား နေရာယူနိုင်ခဲ့တဲ့ ဂျူဝယ်လ်ရဲ့ သီဆိုမှုနဲ့အတူ ရုပ်ရှင်ကားထဲက သရုပ်ဆောင်ပြကွက်တွေကိုပါ ဒီသီချင်းထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။
The Best Of Melody World သီချင်းဆိုပြိုင်ပွဲမှတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့တဲ့ ဂျူဝယ်လ်ဟာ အလွမ်းမှတ်တိုင်၊ မချစ်ချင်တော့ပြီ စတဲ့ တကိုယ်တော် သီချင်းတွေအပြင် ကောင်းကောင်းနဲ့ စုံတွဲသီဆိုထားတဲ့ ပျော်နေပါ၊ ဖြိုးပြည့်စုံနဲ့ စုံတွဲသီဆိုထားတဲ့ အချစ်ဦးစတဲ့ သီချင်းတွေနဲ့ ပရိသတ်အားပေးမှု ရရှိခဲ့သူတဦး ဖြစ်ပါတယ်။