Home
မြန်မာသတင်း
လက်ပန်းတောင်းဒဏ်ရာရ ကိုရင်သဇ္ဇန ဆေးရုံက ဆင်းရတော့မည်
ရွှေအောင်
·
February 18, 2013
လက်ပန်းတောင်းတောင် အရေးအခင်းအတွင်း ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး ထိုင်းနိုင်ငံမှာ ဆေးဝါးကုသနေရတဲ့ ကိုရင်သဇ္ဇန ဆေးရုံက ဆင်းရတော့မယ်လို့ စုံစမ်းသိရှိရပါတယ်။ လက်ပန်းတောင်းတောင် သပိတ်စခန်းဖြိုခွင်းရာမှာ ဒဏ်ရာအပြင်းအထန်ရခဲ့ကြတဲ့ ဆရာတော် ဦတိက္ခဥာဏနဲ့ ကိုရင်သဇ္ဇနတို့ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်စစ်ဆေးရုံမှာ ဆေးဝါးကုသပေးနေတာပါ။ အခုအခါ ကိုရင်သဇ္ဇနဟာ ဒဏ်ရာက သက်သာလာပြီဖြစ်လို့ ဆေးရုံးက ဆင်းနိုင်ပြီဖြစ်တဲ့အကြောင်း ဆေးရုံတာဝန်ရှိသူတွေက ဘန်ကောက် မြန်မာသံရုံးက တာဝန်ရှိသူတွေကို ဒီနေ့ ခေါ်ယူအသိပေးခဲ့တာလို့ ဆရာတော် ဦးတိက္ခရဲ့ သားဖြစ်တဲ့ ဦးနေသုခက ပြောပါတယ်။ “ဆရာဝန်က ကိုရင်ကို ပြန်ဖို့ပဲ ပြောတယ်။ ဦးဇင်းကိုတော့ ပြန်ဖို့ မပြောဘူး။ ကိုရင်က သက်သာပေမယ့် ပျောက်တော့မပျောက်သေးဘူး။ ဒီမှာက နောက်ထပ်လူနာတွေ ထားဖို့ နေရာမရှိတော့လို့ ပြန်ခိုင်းတယ် ပြောတယ်။ ကိုရင်က သက်သာပြီး လမ်းလည်း ပြန်လျှောက်နိုင်တယ်။ ဒါပေမယ့် ခြေထောက်က ဒီနေ့ လမ်းလျှောက်တာ သွေးတော့ ထွက်သေးတယ်။” ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ ဦတိက္ခကို ဆေးရုံက ဆရာဝန်တွေက ပြန်ဖို့ ပြောနေပြီး ဒီနေ့ သံရုံးတာဝန်ရှိသူတွေနဲ့ တွေ့တဲ့အခါမှာတော့ ကိုရင် ဆေးရုံကဆင်းနိုင်ပြီလို့ ပြောခဲ့တာလို့လည်း ဆိုပါတယ်။ ဦးတိက္ခရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေကို ဦးနေသုခက “ဆရာတော်အခြေအနေက သက်သာတယ်။ ဒါပေမယ့် ပက်လက်ပဲ နေရသေးတယ်။ စားတာသောက်တာတွေတော့ မလုပ်နိုင်သေးဘူး။ လက်နှစ်ဖက်ကတော့ ကောင်းသွားပြီ။ ညဘက်လက်မောင်းကတော့ အရင်အစားထိုးထားတာတွေ အကုန် ပြန်မခွာသေးဘဲ ပတ်တီးတော့ စည်းထားသေးတယ်။ ခြေထောက်နှစ်ဖက်ကတော့ ဘယ်လိုမှ မလှုပ်ရှားနိုင်သေးဘူး။ တင်ပါးနဲ့ ကျောက အနာတွေကတော့ ကျန်နေသေးတယ်။ မထိုင်နိုင်သေးတဲ့အပြင် လှဲတာ၊ လျောင်းတာလည်း မလုပ်နိုင်သေးဘူး။ ဘေးက ကူပေးမှပဲ စောင်းတာတွေ လုပ်နိုင်သေးတယ်။” ကိုရင်သဇ္ဇန ဆေးရုံကဆင်းပြီး မြန်မာပြည်ပြန်ဖို့ ဘန်ကောက်က မြန်မာသံရုံးတာဝန်ရှိသူတွေက စီစဉ်နေပါတယ်။ ဦးတိက္ခဥာဏနဲ့ ကိုရင်သဇ္ဇနတို့ဟာ မြန်မာအစိုးရနဲ့ လက်ပန်းတောင်းစုံစမ်းစစ်ဆေးရေးကော်မရှင်တို့ရဲ့ စီစဉ်ပေးမှုနဲ့ ထိုင်းနိုင်ငံဆေးရုံမှာ ပြီးခဲ့တဲ့ ၂ လလောက်ကတည်းက တက်ရောက်ပြီး ဆေးကုသမှုခံယူနေကြတာ ဖြစ်ပါတယ်။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းသပိတ်စခန်းတွေကို ရဲက ၂၀၁၂ နိုဝင်ဘာ ၂၉ ရက်နေ့ မနက် အရုဏ်မတက်ခင် ဖြိုခွင်းရာမှာ သံဃာအပါး ၁၀၀ ခန့်နဲ့ လူပုဂ္ဂိုလ် ၂၀ လောက် မီးလောင်ဒဏ်ရာ ရခဲ့တာဖြစ်ပြီး အစိုးရက ဒဏ်ရာရသံဃာတွေကို တောင်းပန်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024