ချင်းတွင်းမြစ်အတွင်း သေဆုံးပုပ်ပွနေသည့် ရုပ်အလောင်းတွေ့ရှိ
Aung Ko Latt
·
January 9, 2020
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်းတောကူးတို့ဆိပ်အနီးမှာ ဇန်နဝါရီ ၉ ရက်နေ့ မနက်ပိုင်းက သေဆုံးပုပ်ပွနေတဲ့ ရုပ်အလောင်းတလောင်းကို ဒေသခံတချို့က တွေ့ရှိခဲ့ပါတယ်။
တွေ့ရှိရတဲ့ လူသေအလောင်းမှာ အတွင်းက အနီရောင်ရှပ်အင်္ကျီပေါ်မှာ ဂျင်းအင်္ကျီ ထပ်ဝတ်လျက် အောက်ပိုင်း အားကစားဘောင်းဘီတိုနဲ့ဖြစ်ပါတယ်။
အလောင်းနဲ့ပတ်သက်ပြီး မည်သူမည်ဝါဖြစ်ဆိုတာကို သက်ဆိုင်ရာက စစ်ဆေးရာမှာ လွန်ခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့ မုံရွာ-ညောင်ပင်ကြီးကူးနေတဲ့ ငွေဇင်ယော်စက်လှေအသင်းမှ မိုးခိုင်ဝင်း ကူးတို့လှေပေါ်ကနေ ပြုတ်ကျပျောက်ဆုံးနေတဲ့ အသက် ၂၁ နှစ်အရွယ် မောင်ကျော်စွာလင်း ခေါ် ဖိုးသားရဲ့ ရုပ်အလောင်း ဖြစ်တယ်လို့ မိသားစုဝင်တွေရဲ့ အတည်ပြုချက်အရ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးတာဟုတ်မဟုတ် စစ်ဆေးနိုင်ဖို့ သက်ဆိုင်ရာက သေမှုသေခင်းဖွင့်လှစ်ကာ မုံရွာပြည်သူ့ဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ထားပါတယ်။