ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မင်းရပ်အုပ်စု ကျောက်ကလေကျေးရွာနဲ့ ငအုပ်ကျေးရွာကြား ကျောက်ဖြူ-ရန်ကုန် ကားလမ်းပေါ်မှာ ဇန်နဝါရီ ၉ ရက်နေ့က မနက် ၉ နာရီကျော်က တပ်မတော်ယာဉ်တစီး မိုင်းဆွဲခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမည်မဖော်လိုသူ ဒေသခံတဦးက “ပေါက်ကွဲသံကြားလို့ သွားကြည့်တဲ့အခါမှာ အဲဒီလိုတွေ့ရတယ်။ ၉ နာရီ ၄၅ လောက်မှာ ဖြစ်တာပါ၊ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး၊ ကားနည်းနည်းတော့ ထိခိုက်သွားတယ်။ ကားဘီး ကွဲသွားတယ်၊ မှန်လည်းကွဲသွားတယ်၊ (၃၄) က ကားပါ” လို့ ပြောပါတယ်။
အဆိုပါမိုင်းပေါက်ကွဲမှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောက်ဖြူမြို့နယ် အထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတဦးက “အုပ်ချုပ်ရေးမှူး သတင်းပို့တာတော့ တပ်ကနေပြီးတော့ ခြောက်ပစ်ပစ်တယ်လို့တော့ ပြောတယ်၊ မိုင်းပေါက်တယ်လို့တော့ မကြားဘူး။ စစ်ကား တစီးလို့တော့ ပြောတယ်။ ဘယ်ကလည်းတော့ မပြောဘူး၊ ခြောက်ပစ်ပစ်တာပေါ့လေ” လို့ ပြောပါတယ်။
ကျောက်ဖြူမြို့နယ်မှာ တပ်မတော်ယာဉ်တန်း မိုင်းဆွဲခံရမှုနဲ့ ပတ်သက်ပြီး အတည်ပြုချက် ရယူဖို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးဖုန်းကို ဆက်သွယ်ရာမှာတော့ နောက်မှပြန်လည်ဆက်သွယ်ဖို့ ပြောဆိုခဲ့ပါတယ်။
ကျောက်ဖြူမြို့နယ်နဲ့ အမ်းမြို့ကြား ကျောက်ဖြူ-ရန်ကုန်ကားလမ်းမမှာ ပြီးခဲ့တဲ့ ၂ ရက် လောက်ကလည်း မိုင်း ၂ ရက်ဆက်တိုက်ပေါက်ကွဲခဲ့ပြီး ဒေသခံတွေကတော့ တပ်မတော်ယာဉ်တန်း ဖြတ်သွားပြီးနောက် မိုင်းပေါက်ကွဲခဲ့တာကြောင့် တပ်မတော်ယာဉ်တန်းကို မိုင်းဆွဲတာဖြစ်နိုင်တယ် လို့ ပြောဆိုနေကြပါတယ်။