ငပုတောမြို့နယ်ရှိ ဆီဆိုင်ဖောက်ထွင်းခဲ့သူကို မအူပင်တွင် ဖမ်းမိ
DVB
·
January 9, 2020
ဧရာဝတီတိုင်း၊ ငပုတောမြို့မှာရှိတဲ့ ဆီဆိုင်ကိုဖောက်ထွင်းပြီး ငွေကျပ်သိန်း ၅၀ ကျော် ခိုးယူထွက်ပြေးနေတဲ့ တရားခံလို့ ယူဆရသူကို မအူပင်မြို့မှာ ဖမ်းမိခဲ့ပါတယ်။
ငပုတောမြို့အဝင်မှာရှိတဲ့ ဆီဆိုင်ကို ဇန်နဝါရီ ၂ ရက်နေ့ ညပိုင်းက ဝင်ရောက် ဖောက်ထွင်းပြီး ထွက်ပြေးနေသူကို စီစီတီဗွီ မှတ်တမ်းများအရ ရဲစခန်းမှာအမှုဖွင့်တိုင်ကြားခဲ့တာကြောင့် တရားခံလို့ယူဆရသူဓာတ်ပုံအား ဖြန့်ဝေပြီး ရှာဖွေခဲ့တဲ့အတွက် မအူပင်မြို့နယ်မှာ ဇန်နဝါရီ ၈ ရက်နေ့ ဖမ်းမိခဲ့တယ်လို့ မအူပင်မြို့မရဲစခန်းမှူးက ဒီဗွီဘီကိုပြောပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ တရားခံလို့ ယူဆရသူကို ရဲတပ်ဖွဲ့က အမှုနဲ့ပတ်သက်ပြီး စစ်ဆေးမှုတွေ ပြုလုပ်နေသလို ဖောက်ထွင်းခိုးယူခံခဲ့ရတဲ့ ဆီဆိုင်ပိုင်ရှင် မိသားစုကိုလည်း ရဲစခန်းက ဆက်သွယ် အကြောင်းကြားတယ်လို့ သိရပါတယ်။
ဖောက်ထွင်းခံခဲ့ရတဲ့ ဆီဆိုင်ပိုင်ရှင်က “အခိုးခံရတာကတော့ အားလုံးဆို ၅၂ သိန်း ၄ သောင်းကျပ်ပါ၊ အဲ့ညကလည်း သိသိခြင်း သူမိဘနဲ့ ညှိနှိုင်းပါသေးတယ်၊ မရလို့ အမှုဖွင့် လိုက်ရတာပါ” လို့ ပြောပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားခံလို့ယူဆရသူ ကျော်ရဲထွန်းကို ငပုတောမြို့ မရဲစခန်းမှာ (ပ) ၁၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် ဇန်နဝါရီလ ၃ ရက်နေ့က အမှုဖွင့်ထားတာပါ။
မင်းထက်မုန်း