Homeမြန်မာသတင်း
တနင်္သာရီတိုင်း၀န်ကြီချုပ်ဟောင်းအား စွဲချက်တင်သင့်၊မသင့် လာမည့်ရုံးချိန်းတွင် အမိန့်ချမည်
တနင်္သာရီတိုင်း၀န်ကြီချုပ်ဟောင်းအား စွဲချက်တင်သင့်၊မသင့် လာမည့်ရုံးချိန်းတွင် အမိန့်ချမည်
DVB
·
January 9, 2020
အဂတိလိုက်စားမှုဥပဒေနဲ့ တရားရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်း၀န်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်နဲ့ GGS ကုမ္ပဏီမှ တာ၀န်ရှိသူ ၃ ဦးအမှုအား စွဲချက်တင်သင့်၊မသင့် လာမယ့် ရုံးချိန်းမှာ အမိန့်ချမယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားရေး ဦးစီးမှူး ဒေါ်အေးအေးသန်းက “နောက်ရုံးချိန်းကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်နေ့ကို ချိန်းဆိုထားပါတယ်၊ တရားခံတွေအပေါ် စွဲချက်တင်သင့် မသင့်အမိန့်ချဖို့ ချိန်းဆိုထားခြင်းဖြစ်တယ်”လို့ ပြောပါတယ်။
တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်က ရာဇ၀တ်ကြီး အမှု (၁/၂၀၁၉)(၂/၂၀၁၉)(၃/၂၀၁၉)(၄/၂၀၁၉) မှုတို့နဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၈ ရက်နေ့ ရုံးချိန်းမှာ နှစ်ဖက်လျှောက်လဲချက်အား ကြားနာခဲ့တယ်လို့ ဆိုပါတယ်။
တရာလိုဘက်က လိုက်ပါဆောင်ရွက်တဲ့ ဥပဒေအရာရှိတွေက ဒေါ်လဲ့လဲ့မော်ကို အဂတိလိုက်စားမှုဥပဒေပုဒ်မ ၅၅ အရနဲ့ ဦးသိန်းထွေး၊ ဦးအောင်မြတ်၊ ဦးသူရအောင်တို့ကိုတော့ အဂတိလိုက်စားမှုဥပဒေပုဒ်မ ၅၅/၆၃ အရ စွဲချက်တင်ဖြေရှင်းစေသင့်ကြောင်း လျှောက်လဲတင်ပြခဲ့ပါတယ်။
တရားလွှတ်တော်ရှေ့နေများက တရားခံတွေအပေါ် စွဲချက်ဖြေရှင်းဖို့ အထောက်အထားပေါ်ပေါက်ခြင်း မရှိတဲ့အတွက်ကြောင့် စွဲချက်မတင်မီ အမှုက ပြန်လွှတ်ပေးသင့်ကြောင်း လျှောက်လဲတင်ပြကြပါတယ်။
အဆိုပါအမှု ၄ မှုအတွက် တရာလိုပြသက်သေ ၉၉ ဦးကို စစ် ဆေးဖို့ တင်ပြထားပေမဲ့ တရာလိုပြသက်သေ ၈၄ ဦးအား စစ်ဆေးပြီး ကျန်တဲ့ ၁၅ ဦးကိုဆက်ပြီး မစစ်ဆေးတော့ဘဲ ပယ်လိုက်တာကြောင့် တရာလိုဘက်သက်သေစစ်ဆေးမှုမှာ ဒီဇင်ဘာ ၂၇ ရက်နေ့က ပြီးစီးခဲ့ပါတယ်။
အမှုနဲ့ပတ်သက်ပြီး တရာလိုဘက်က အမှု ၄ မှုအတွက် သက်သေခံစာရွက်စာတမ်း ၁၄၄ စောင်ကို တရားရုံးကိုတင်ပြခဲ့ပြီး စွပ်စွဲခံရသူဘက်က သက်သေခံစာရွက်စာတမ်း အစောင် ၄၀ တင်ပြခဲ့ပါတယ်။
၂၀၁၉ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က တနင်္သာရီတိုင်း ၀န်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်၊ GGSကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာဦးအောင်မြတ်နဲ့ဦးသူရအောင်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ထား၀ယ်မြို့မရဲစခန်းမှာ အမှု ၄ မှုနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေကော်မရှင်က အမှုဖွင့်ပြီးနောက် ထား၀ယ်အကျဉ်း ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ဒီနောက် မတ်လ ၂၅ ရက်နေ့မှာ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်ကို ရုံးထုတ်ပြီး တရားစွဲတင်ခဲ့ပါတယ်။
တရားစွဲဆိုခံရပြီးနောက် ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်က အာမခံ ၂ ကြိမ်၊ ဦးသိန်းထွေး၊ ဦးအောင်မြတ်နဲ့ ဦးသူရအောင်တို့က အာမခံ ၁ ကြိမ်စီ လျှောက်ခဲ့ရာ တရားရုံးက ပယ်ချခဲ့ပါတယ်။
တင့်လွင်