Home
မြန်မာသတင်း
ကုလကူညီကယ်ဆယ်ရေးယာဉ်တန်း ဖားကန့်ဒုက္ခသည်စခန်း ရောက်ရှိ
ပီတာအောင်
·
February 18, 2013
ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ပစ္စည်းတွေ တင်ဆောင်သွားတဲ့ မော်တော်ယာဉ်တန်းဟာ ကချင်ပြည်နယ်  ဖားကန့်ဒေသက စစ်ရှောင်ဒုက္ခသည်တွေကို သွားရောက် ကူညီပေးနေပါတယ်။ စားနပ်ရိက္ခာနဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကုလသမဂ္ဂယာဉ်တန်း ဟာ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက်က ကချင်ပြည်နယ် မြစ်ကြီးနားကနေ  ဖားကန့်ဒေသက ဒုက္ခသည်စခန်းတွေဆီကို ထွက်ခွာသွားတာလို့ ကုလသမဂ္ဂနဲ့ ကချင်ပြည်နယ် အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အမှုထမ်းတွေ ပါဝင်တဲ့ ကား ၁၀ စီးပါ ယာဉ်တန်းဟာ ဖားကန့်ဒုက္ခသည်စခန်းတွေဆီကို  မနေ့ညနေ ၈ နာရီလောက်က ရောက်သွားပြီး ကူညီပေးရေး ပစ္စည်းတွေ ဖြန့်ဝေပေးနေပြီလို့ ကချင်ပြည်နယ်အစိုးရ လူမှုကယ်ဆယ်ရေးဌာနက ဒေါ်ဘောက်ဂျာက ပြောပါတယ်။ “ယူအန်အိတ်ခ်ျစီအာရ်ရယ်၊ ဒဗလျူအက်ဖ်ပီနဲ့ ယူအန်ဒီပီတို့က ဖားကန့်စစ်ရှောင်စခန်းတွေနဲ့ ကာမိုင်းစခန်းတွေကို ၁၀ စင်း သွားပို့ခိုင်းတယ်။ ကုလသမဂ္ဂ၀န်ထမ်းတွေစီးတာက ၃ စင်း၊ ရိက္ခာတင်သွားတာက ၇ စင်းပေါ့။” အကူအညီတွေဟာ ပဋိပက္ခဖြစ်ပွားရာ ဖားကန့်ဒေသက ဒုက္ခသည်စခန်း ၄၁ ခုက ဒုက္ခသည် ၅ ထောင်လောက်အတွက် ဖြစ်ပြီး ဆန်၊ ဆီ၊ ဆား၊ အခြောက် အခြမ်းတွေနဲ့ စောင်၊ ခြင်ထောင်၊  ဆေးဝါးနဲ့  ရေသန့်ကိရိယာတွေ ပါဝင်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ရန်ကုန်ရုံးက ဦးအေးဝင်းကတော့ လုံခြုံရေးအခြေအနေ စိတ်ချရတဲ့အတွက် ခုလိုသွားရောက်နိုင်တာလို့ ပြောပါတယ်။ “ကုလသမဂ္ဂက ၀န်ထမ်းတွေ၊ ယာဉ်တန်းတွေရောက်မှ အကူအညီတွေပေးနိုင်မယ်။ သူတို့ရဲ့ လုံခြုံရေးကလည်း အရေးကြီးပါတယ်။ နောက် တခြားအုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်တွေ အကုန်လုံးဖြေရှင်းပြီးမှ သေချာမှလည်း သွားလို့ရတယ်။ ဒါတွေမသေချာမချင်း အကူအညီတွေလွှတ်ဖို့က မလွယ်ဘူးလေ။ အကူအညီတွေ လွှတ်လို့ရတာနဲ့ ထပ်ကြေညာပါမယ်။” ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို အစိုးရကရော ကေအိုင်အိုကပါ လက်ခံခွင့်ပြုလိုက်တာကို ကြိုဆိုတဲ့အကြောင်းနဲ့ လူသားချင်းစာနာမှု အကူအညီတွေဟာ လူတွေလိုအပ်သလောက် အနှောင့်အယှက်မရှိ သွားနိုင်ရမယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး အရှော့နီဂမ် (Ashok Nigam)က ကြေညာချက်မှာ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လက အစိုးရတပ်တွေနဲ့ ကေအိုင်အေအကြား တိုက်ပွဲတွေ ပြန်ဖြစ်ကတည်းက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ရှောင်ဒုက္ခသည်ပေါင်း ၈၀,၀၀၀ ကျော် ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024