A d v e r t i s e m e n t With Us

၂၀၁၈ ခုနှစ်အတွက် စာပေအကောင်းဆုံးထုတ်ဝေသူဆုကို နှစ်ကာလများစာပေရရှိ

သတ္တမအကြိမ်မြောက် စာပေတစ်သက်တာထုတ်ဝေသူဆု၊ အကောင်းဆုံးထုတ်ဝေသူဆုနဲ့ အကောင်းဆုံး စာအုပ်အရောင်းဆိုင်ဆုပေးပွဲကို ဇန်နဝါရီ ၈ ရက်နေ့က ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ ရွှေဥဒေါင်းခန်းမ မှာ ကျင်းပခဲ့ပါတယ်။ တသက်တာထုတ်ဝေသူဆု ၂၀၁၉ ကို ဦးမျိုးညွန့် (စာပေလောက) က ရရှိသွားပေမယ့် ဆုပိုင်ရှင် ဦးမျိုးညွန့်ဟာ ဒီကနေ့မနက်ပိုင်းမှာတင် ကွယ်လွန်ခဲ့တဲ့အတွက် ဆုလက်ခံရယူနိုင်ခြင်း မရှိတော့ပါဘူး။ အကောင်းဆုံးထုတ်ဝေသူဆု ၂၀၁၈ ကို ကဗျာဆရာသုခမိန်လှိုင်ရဲ့ ဆေးမင်ကြောင် မဂ္ဂဇင်းကဗျာများ စာအုပ် ထုတ်ဝေခဲ့တဲ့ နှစ်ကာလများစာပေက ရရှိသွားပါတယ်။ ၂၀၁၉ အကောင်းဆုံးစာအုပ်အရောင်းဆိုင်ဆုကိုတော့ စိတ်ကူးချိုချိုစာအုပ်ဆိုင်(မန္တလေး) က ရရှိသွားပါတယ်။ “ထုတ်ဝေခွင့်ပေးခဲ့တဲ့ ဆရာသုခမိန်လှိုင်က သူ့ရဲ့မဂ္ဂဇင်းမှာဖော်ပြခံထားရတဲ့ ကဗျာတွေ အားလုံးကို သိမ်းထားပါတယ်။ ကျနော့်အတွက် အဆင်သင့်ဖြစ်သွားတယ်။ ထုတ်ဝေခွင့်ပေးခဲ့တဲ့ ဆရာသုခမိန်လှိုင်ကို ကျေးဇူးတင်ပါတယ်”လို့ အကောင်းဆုံးထုတ်ဝေသူဆု ၂၀၁၈ကို ရရှိသွားတဲ့ နှစ်ကာလများစာပေရဲ့ ထုတ်ဝေသူ ကဗျာဆရာ မိုးဝေးက ပြောပါတယ်။ သတ္တမအကြိမ်မြောက် စာပေတစ်သက်တာထုတ်ဝေသူဆု၊ အကောင်းဆုံးထုတ်ဝေသူဆုနဲ့ အကောင်းဆုံးစာအုပ်အရောင်းဆိုင်ဆုပေးပွဲကို မြန်မာနိုင်ငံစာပေထုတ်ဝေသူနဲ့ ဖြန့်ချိသူများ အသင်းက ဦးစီးကျင်းပခဲ့တာပါ။  ပုံနှိပ်စာပေတွေ ရုန်းကန်နေကြရချိန်မှာ စွန့်စားပြီး ထုတ်ဝေသူအဖြစ်ရပ်တည်နေသူတွေကို ဂုဏ်ပြုချင်တဲ့အတွက် ဒီအစီအစဉ်ကိုကျင်းပတာလို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up