သဲဖြူရွာ စာသင်ကျောင်းက ကရင်အမျိုးသားအလံတိုင် ဖျက်ဆီးခံရမှု ကန့်ကွက်စာ ပို့မည်
DVB
·
January 8, 2020
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သဲဖြူကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်းက ကျေးရွာသားတွေ စိုက်ထူထားတဲ့ ကရင်အမျိုးသားအလံတိုင်နဲ့အုတ်ခုံ ဇန်နဝါရီ ၂ ရက်နေ့ညက ဖြိုဖျက်ခံရတဲ့အပေါ် မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသာအစည်းအရုံး တပ်မဟာ ၄ က JMC ကို ကန့်ကွက်စာ ပေးပို့သွားမယ်လို့ သိရပါတယ်။
ကေအန်ယူ တပ်မဟာ ၄ ဆက်ဆံရေးရုံး တာဝန်ခံ ပဒိုဝင်းခိုင်က “လမ်းကြောင်းကတော့ JMC (ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ)ကိုတော့ တင်ပြမယ်၊ နောက် မဖြစ်အောင်ပေါ့၊ ကန့်ကွက်အကြောင်းကြားမယ်၊ အဲဒီအဆင့်လောက်ပဲ” လို့ ပြောပါတယ်။
ကေအန်ယူဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးထားတာကြောင့် ဖြစ်ပေါ်လာတဲ့ပြဿနာကို ငြိမ်းချမ်းစွာ ဆွေးနွေးမှာဖြစ်ပြီး အခုလုပ်ရပ်က မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ ရှေ့ဆက်မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။
လူထုက ကိုယ်ထူကိုယ်ထစနစ်ပုံစံမျိုးနဲ့ ကျောင်းမှာရှိတဲ့ နိုင်ငံတော်အလံတိုင်ဘေးကနေ ကရင်အလံတိုင်လေး ထောင်ဖို့အတွက် သူတို့နားလည်မှု တတ်သမျှပုံစံမျိုးနဲ့ စိတ်အားထက်သန်စွာ လုပ်တာဖြစ်ပြီး ၂ ရက်နေ့ညမှာ တပ်မတော်က လာပြီးတော့ ဖျက်သိမ်းလိုက်တယ်လို့ ပဒိုဝင်းခိုင်က ပြောပါတယ်။
အန်စီအေစာချုပ်မှာ နှစ်ဖက်အောက်ခြေအဆင့် ဖြစ်ပေါ်တဲ့ ပဋိပက္ခတွေကို အင်အားအသုံးပြု ဖြေရှင်းတာ မပြုလုပ်ဖို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အန်စီအေစာချုပ်မှာ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ နောက်ခံသမိုင်းရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားနဲ့ အမျိုးသားလက္ခဏာတွေ မတူကွဲပြားမှုကို လက်ခံအသိအမှတ်ပြုပြီး လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံတို့နဲ့ ပြည်ထောင်စုလက္ခဏာတရပ်ကို နိုင်ငံသားအားလုံး စုပေါင်း ဖော်ဆောင်ဖို့ ရေးသားထားပါတယ်။
သဲဖြူကျေးရွာ စာသင်ကျောင်းက အလံတိုင်နဲ့အုတ်ခုံ ဖြိုဖျက်ခံရပြီးနောက် ကြိမ်ချောင်းရွာ စာသင်ကျောင်းအရှေ့မှာ ၂၀၁၉ ခုနှစ်က စိုက်ထူထားတဲ့ ကရင်အမျိုးသားအလံတိုင်နဲ့ လွှင့်တင်ထားတဲ့ အလံကိုလည်း ရွာသူရွာသားတွေ ပြဿနာဖြစ်မှာကို စိုးရိမ်ပြီး ဖြုတ်ချလိုက်တယ်လို့ သိရပါတယ်။
သဲဖြူကျေးရွာဟာ ကရင်တိုင်းရင်းသားတွေ နေထိုင်တဲ့ ကျေးရွာဖြစ်ပြီး ရွာရဲ့ အခြေခံပညာ မူလတန်းကျောင်းမှာ ကရင်စာပေ သင်ကြားပေးနေတယ်လို့ သိရပါတယ်။
တင့်လွင်