ကာကွယ်ရေးဝန်ကြီးဌာနက စီမံကိန်းဥပဒေကြမ်း ပြန်ရေးဆွဲတင်ပြမည်

ပြည်ထောင်စုလွှတ်တော်မှာ ကာကွယ်ရေးဝန်ကြီးဌာနက တင်ပြတဲ့ ၂၀၁၃-၁၄ စီမံကိန်း ဥပဒေကြမ်းဟာ ယေဘုယျသဘောလောက်ပဲပါပြီး ဘာအချက်အလက်မှ မယ်မယ်ရရ မရှိဘူးလို့ လွှတ်တော်အမတ် ၅ ဦးက ဝေဖန်ခဲ့တဲ့အတွက် ပြန်ရေးဆွဲပြီး တင်ပြမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒု-၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောပါတယ်။ ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ ကာကွယ်ရေးဒုဝန်ကြီးက ၂၀၁၃-၁၄ စီမံကိန်းမူကြမ်းတင်မက ၂၀၁၁-၂၀၁၆ အထိ သက်ရောက်မယ့် ၅ နှစ်စီမံကိန်း မူကြမ်းကိုပါ ပြန်ရေးဆွဲပြီး စီမံကိန်းဝန်ကြီးဌာန၊ ပြည်ထောင်စုလွှတ်တော်က အစိုးရရဲ့ အာမခံချက်နဲ့ ကတိများ စောင့်ကြည့်ရေးကော်မတီနဲ့ အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီကိုပါ ပေးပို့ပါမယ်လို့ ပြောဆိုခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနဟာ အစိုးရဘတ်ဂျက် တခုလုံးရဲ့ ၂၀ ရာခိုင်နှုန်းကျော် သုံးစွဲမှာ ဖြစ်ပေမယ့် စီမံကိန်းမူကြမ်းမှာတော့ စာ ၁ မျက်နှာပဲ ရေးသားထားတဲ့အတွက် ဆွေးနွေးမယ့်သူတောင် မရှိဘူးလို့ အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါ်ဒွဲဘူကလည်း ဝေဖန်ပြောဆိုခဲ့ပါတယ်။ ကာကွယ်ရေး ဒုဝန်ကြီးကတော့ သူတို့ပြင်ဆင်ရေးဆွဲမယ့် ၂၀၁၃-၁၄ စီမံကိန်း မူကြမ်းမှာ မူဝါဒ ၂ ရပ်၊ ရည်မှန်းချက် ၃ ရပ်၊ မူဝါဒနဲ့ လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်မယ့် လုပ်ငန်းစဉ် ၂၆ ခု၊ ၂၀၁၁-၁၂ ကနေ ၂၀၁၅-၁၆ အထိ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၅ နှစ်စာ စီမံကိန်းမူကြမ်းမှာတော့ မူဝါဒ ၂ ရပ်၊ ရည်မှန်းချက် ၃ ရပ်၊ မူဝါဒနဲ့ လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်မယ့် လုပ်ငန်းစဉ် ၂၆ ခု ပါဝင်ကြောင်း ပြောဆိုခဲ့ပါတယ်။

//
More News
Up