A d v e r t i s e m e n t With Us

ကြက်ငှက်တုပ်ကွေး အာရှနိုင်ငံတချို့တွင် ပြန်လည်ဖြစ်ပွား

ကမ္ဘောဒီးယားနိုင်ငံမှာ  ဒီနှစ်အတွင်း  ကြက်ငှက်တုပ်ကွေးရောဂါပိုး(H5N1 Virus) ကူးစက်ခံရသူ ၇ ယောက် ရှိသွားပြီလို့ ဆင်ဟွာသတင်းက ဆိုပါတယ်။ ကမ္ဘောဒီးယားမှာ ၂၀၀၄ ခုနှစ်ကစလို့ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်မှုတွေ ရှိခဲ့ပြီး ဒီနှစ်ကတော့ အဆိုးဆုံး အခြေအနေ ဖြစ်နေတယ်လို့ သတင်းမှာ ဆိုပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်မှာလည်း ဖေဖော်ဝါရီ ၈ ရက်နေ့က ကြက်ငှက်တုပ်ကွေးရောဂါပိုး ကူးစက်ခံရသူ ၂ ယောက်ကို တွေ့ရှိခဲ့ပြီး အသက်၂၁ နှစ်အရွယ် မိန်းကလေးကတော့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပုံမှန် အလုပ်မလုပ်တော့တဲ့အတွက် ဖေဖော်ဝါရီ ၁၃ ရက်က သေဆုံးသွားပြီး၊ အသက် ၃၁ နှစ်အရွယ် နောက်တဦးလည်း ဆေးကုသမှု ခံယူနေရပါတယ်။ အာရှနိုင်ငံတွေထဲက ကမ္ဘောဒီးယားနဲ့ တရုတ်တို့အပြင် အင်ဒိုနီးရှားမှာလည်း လောလောဆယ် ကြက်ငှက်တုပ်ကွေးရောဂါပိုး ကူးစက်မှုတွေ ပြန်လည် ဖြစ်ပေါ်နေပါတယ်။ ဥရောပတိုက်က ဂျာမနီနိုင်ငံမှာလည်း ဘဲမွေးမြူရေးခြံတွေမှာ ကြက်ငှက်တုပ်ကွေး ရောဂါ ကူးစက်ခံရတဲ့လက္ခဏာ တွေ့ရှိရတဲ့အတွက် ဘဲအကောင်ရေ ၁ သောင်း ၄ ထောင်ဝန်းကျင်ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့က သုတ်သင်လိုက်တယ်လို့ အရာရှိတွေက ပြောပါတယ်။ ဘာလင်မြို့အရှေ့ဘက်က စီးလိုးဆိုတဲ့ မြို့နားက ဘဲခြံတွေမှာ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်ကို ဖေဖော်ဝါရီ ၁၅ ရက်နေ့က စတင် တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ဒါဟာ ဥရောပတိုက်မှာ ပထမဆုံး ကြက်ငှက်တုပ်ကွေး ရောဂါပိုး ကူးစက်မှုကို တွေ့တာ ဖြစ်ပါတယ်။ မြောက်အမေရိကတိုက်မှာရှိတဲ့ မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းမှာလည်း ကြက်ခြံ ၇ ခြံမှာ မွေးထားတဲ့ ကြက်ကောင်ရေ သန်းတ၀က်ကျော် ကြက်ငှက်တုပ်ကွေးရောဂါပိုး ကူးစက်ပျံ့နှံ့နေတယ်လို့ တိကုဌာနက ပြောပါတယ်။ ၂၀၁၂ ခုနှစ်တုန်းကလည်း မက္ကဆီကိုမှာ ကြက်ငှက်တုပ်ကွေးရောဂါပိုး ကူးစက်ပျံ့နှံ့ခဲ့တဲ့အတွက် ကြက်ကောင်ရေ ၂၂ သန်းလောက်ကို သုတ်သင်ခဲ့ရပါတယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ စာရင်းအရ ၂၀၀၃ ခုနှစ်ကစလို့ ကမ္ဘာတ၀ှမ်းမှာ ကြက်ငှက်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၃၇၀ နီးပါး ရှိသွားပြီလို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up