Live
Home
Lead Story
ကျောင်းတက်ရက်ပြဿနာ ညှိနှိုင်းဆွေးနွေးအဖြေရှာသင့်
DVB
·
January 7, 2020
၂၀၁၉-၂၀၂၀ ပညာသင်နှစ်တခု ကုန်ဆုံးပေတော့မည်။ နှစ်စဉ်နှစ်တိုင်း မတ်လ နွေဦးရာသီ ရောက်သည်နှင့် အခြေခံကျောင်းများ ရက်ရှည်ပိတ်ကြမြဲပင်။ ကျောင်းပိတ်ရက်တိုင်း ပျော်ခဲ့ကြသလို ခြောက်ကပ်နေသော ကျောင်းများဆီသို့ မကြာမကြာ ရောက်သွားခဲ့ဖူးသည်။ ထိုအချိန်မျိုးတွင် ရွက်ခြောက်များ သစ်ကိုင်းကျိုးကျဲကျဲများအား ကြည့်၍ လွမ်းသလိုဖြစ်ခဲ့သည်။ အတူပျော်ခဲ့ကြသော ကျောင်းသားများနှင့် ပျော်ခဲ့ကြရသည်များကို သတိရနေမိသည်။ ကျောင်းပိတ်ရက် နီးလာလေလေ စာကို ကြောက်သောစိတ်က ရောက်လာမြဲ။ ဇန်နဝါရီသို့ ရောက်သည်နှင့် ဆရာများကလည်း သင်ခန်းစာများကို ပြန်လှန်သင်ကြားပေးခဲ့ကြသည်။ ဤရက်များတွင် ကျောင်းပျက်မခံရဲခဲ့ကြ။ ကိုယ်မတက်သောရက်တွင် စာမေးပွဲအတွက် အရေးပါသော စာများသင်သွားမည်ကို စိုးရိမ်ကြီးစွာဖြင့် ကျောင်းတက်ရက်ကို မှန်မှန်တက်ခဲ့ကြရသည်။ အစိုးရစစ် စာမေးပွဲဝင်ကြရမည့် ကျေောင်းသားများအတွက် ဆရာ၊ ဆရာမများမှ အချိန်ပိုခေါ်ယူ သင်ကြားပေးခဲ့ကြသည်။ ဤသည်ကား ဆရာ၊ ဆရာမများ၏ စေတနာ။ မိမိတို့ငယ်စဉ်က နွေရာသီ ကျောင်းပိတ်ရက်ကို စဉ်းစားရင်း ဆရာ၊ ဆရာမများ၏ တာဝန်ပြင်ပ စေတနာထားရှိပုံကို အထပ်ထပ်ပြန်စဉ်းစားရင် ကျေးဇူးတရားကို တမြေ့မြေ့ သတိရနေချိန်တွင် မြန်​မာနိုင်​ငံလုံးဆိုင်​ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်​ (MTF) ၏ “မတ်လကုန်အထိ ကျောင်းတက်ရောက်ခြင်းကို ပြင်မပေးပါက အစိုးရ၏ ၂၀၂၀ ရွေးကောက်ပွဲ မဲရုံတာဝန်​နှင့် အပိုတာဝန်များကို ဆောင်ရွက်မပေးနိုင်” ဟူသော ကြေညာချက်ကို တွေ့လိုက်ရသည်။ အံ့အားသင့်ခြင်းနှင့်အတူ မဝေခွဲနိုင်သော ကြောင်းခြင်းရာများကို စစ်ကြောနေမိသည်။ ဘာတွေ ဖြစ်ကုန်ကြပြီလဲ…။ ပညာရေးဝန်ကြီး၏ မတ်လကုန်အထိ ကျောင်းတက်ရက် သတ်မှတ်ခြင်းအပေါ် အခြေခံ၍ ဖြစ်ပေါ်လာသော အမှုကိစ္စ ဖြစ်သည်။ ပြီးခဲ့သောနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့စွဲဖြင့် ပြန်လည်သုံးသပ် ပြင်ဆင်ပေးရန် ဆရာ၊ ဆရာမမျာ းအဖွဲ့ချုပ်က တင်ပြထားသော်လည်း “ပညာရေးဌာနရှိ တာဝန်ရှိသူများက လျစ်လျူရှုသဖြင့် ယင်းကဲ့သို့ ကြေညာချက် ထုတ်ပြန်ရကြောင်း”ကို ယင်းအဖွဲ့ချုပ်၏ အတွင်းရေးမှူး ဦးဇော်မျိုးလှိုင်က ပြောကြားခဲ့သည်။ ယင်းထုတ်ပြန်ချက်အပေါ်တွင် သဘောတူသော ဆရာ၊ ဆရာမများ ရှိသကဲ့သို့ သဘောမတူသော ဆရာ၊ ဆရာမများလည်း ပေါ်ထွက်လာခဲ့သည်။ တပြိုင်တည်းတွင် ပညာရေးဌာန၊ အခြေခံပညာဦးစီးဌာန ညွှန်ကြာရေးမှူးချုပ် ဦးကိုလေးဝင်းကလည်း “ဆရာ၊ ဆရာမများအနေဖြင့် ရွေးကောက်ပွဲတွင် ပူးပေါင်းမကူညီနိုင်ကြောင်း ပြောခွင့်ရှိသော်လည်း နိုင်ငံဝန်ထမ်းဥပဒေနှင့် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ဥပဒေများကို လိုက်နာရမည် ဖြစ်ကြောင်း” မှတ်ချက်ပြု ပြောဆိုခဲ့သည်ကိုလည်း တွေ့ရပါသည်။ NLD ၏ အမျိုးသားလွှတ်တော်အမတ် ဦးကျော်ထွေးကမူ “မတ်လကုန်အထိ ကျောင်းတက်ရမယ် ဆိုတာကတော့ ပြန်စဉ်းစားဖို့ လိုမယ်ထင်ပါတယ်” ဟု သုံးသပ်ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမပေါင်း လေးသိန်းခန့် ရှိပါသည်။ ထိုအထဲမှ ဆရာ၊ ဆရာမ ၁ သိန်းခန့်အား ၂၀၂၀ ရွေးကောက်ပွဲတွင် အသုံးပြုသွားမည်ဟု ရွေးကောက်ပွဲကော်မရှင်၏ ပြောကြားချက်ကလည်း ရှိနေခဲ့သည်။ ထိုအချက်အပေါ် အခြေပြု၍ အခြေခံပညာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ အကြပ်ကိုင် ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်ဟန် ရှိသည်ဟူ၍ အချို့သော စောင့်ကြည့်သုံးသပ်သူတို့၏ အမြင်ကလည်း ရှိနေပြန်ပါသည်။ တကယ်တမ်းဆိုရပါမူ ဆရာ၊ ဆရာမများအား မြန်မာ့လူ့အဖွဲ့အစည်းအနေဖြင့် အဂတိလိုက်စားမှု နည်းပါးခြင်း၊ စေတနာကောင်းရှိခြင်းဟူသော အမြင်ရှိနေဆဲ ဖြစ်သည်။ ဆရာ၊ ဆရာမများအပေါ် လူထုယုံကြည်အားထားမှု ရှိခြင်းအပေါ် အခြေခံ၍ မူရင်းတာဝန်များအပြင် ရွေးကောက်ပွဲကဲ့သို့သော မျှတမှုအတွက် အစိုးရ၏ အသုံးတော်ခံခြင်းကို ခေတ်အဆက်ဆက် လုပ်အားပေးခဲ့ကြရသည်။ လက်ရှိကာလတွင်လည်း ဤကဲ့သို့ပင် ဆရာ၊ ဆရာမများအား ရွေးကောက်ပွဲအတွက် တာဝန်ပေးခိုင်းစေရန် အစီအစဉ်ရှိပါက အားလပ်ရက်အတွက် အမြော်အမြင်ရှိရှိဖြင့် စဉ်းစားဆုံးဖြတ်ကြရန် လိုအပ်မည် ဖြစ်သည်။ ထို့ကြောင့် ကြီးမားသောပြဿနာ မဟုတ်သည်ကို ပြဿနာမဖြစ်စေဘဲ မိဘ၊ ဆရာနှင့် အခြေခံပညာဦးစီးဌာနတို့ ပြေလည်သည်အထိ ညှိနှိုင်းဆွေးနွေး အဖြေရှာကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024