Home
မြန်မာသတင်း
ပုဂံဒေသ ရှေးဟောင်းမြင်ကွင်းနှင့် မသင့်လျော်သည့် အဆောက်အဦဆောက်လုပ်မှု တားဆီးပေးရန် တောင်းဆို
DVB
·
January 7, 2020
ကမ္ဘာ့အမွေအနှစ်ဒေသပုဂံမှာ ရှေးဟောင်းမြင်ကွင်းနဲ့ မသင့်လျော်တဲ့အဆောက်အဦတွေ ဆောက်လုပ်နေမှုကို အစိုးရအနေနဲ့ တားဆီးပေးဖို့  ရှေးဟောင်းသုတေသနပညာအသင်းက တောင်းဆိုလိုက်ပါတယ်။ ဇန်နဝါရီလ ၆ ရက်နေ့ရဲစွဲနဲ့ ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အဖြစ် သတ်မှတ်ခံထားရတဲ့ ပုဂံဒေသမှာ ယဉ်ကျေးမှုမြင်ကွင်းကို ထိခိုက်စေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ  ဆက်လက်ဆောင်ရွက်နေမှုဟာ ယဉ်ကျေးမှု အမွေအနှစ်များ အစဉ်ထာဝရ တည်တံ့နေရေးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတရပ် ဖြစ်နေတယ်လို့ ဖော်ပြပါတယ်။  ပုဂံဒေသရှိ ပုဂံမြို့သစ်အနီး ပုဂံ-ချောက်ကားလမ်းရှိ ပျူလေးဆူတန်းဘုရားများရဲ့အနောက်မှာ ရှေးဟောင်းမြင်ကွင်းကို ထိခိုက်စေမယ့် ဆောက်လုပ်ရေးလုပ်ငန်းတခု လုပ်ကိုင်နေပြီး အဆောက်အအုံဆောက်လုပ်ဖို့ Foundation လုပ်ငန်းများ လုပ်ဆောင်နေတယ်လို့ ဖော်ပြပါတယ်။  ဒီလို Foundation  မြေအောက်အနက် ၄ ပေ မှ ၅ ပေ ထိ တူးဖော်နေပြီး  အဆိုပါလုပ်ငန်းဟာ ဘယ်သူရဲ့ခွင့်ပြုချက်နဲ့ ဆောက်လုပ်နေတယ်ဆိုတာကို မသိရကြောင်း ပြောပါတယ်။  အဆိုပါ အဆောက်အဦဆောက်တဲ့ နေရာတဝိုက်ဟာ ပျူခေတ်အထောက်အထားတွေ တည်ရှိနေနိုင်တဲ့နေရာလို့ ရှေးဟောင်းသုတေသနပညာရှင်တွေက ခန့်မှန်းထားတဲ့အတွက် အဆိုပါနေရာကို စနစ်ကျတဲ့ ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်ရေးလုပ်ကိုင်မယ်ဆိုပါက အထောက်အထားသစ်တွေ တွေ့နိုင်မယ်လို့လည်း  ခန့်မှန်းထားကြောင်း ဖော်ပြပါတယ်။  ဒီလို ရှေးဟောင်းသုတေသနဆိုင်ရာ မြေအောက်အထောက်အထားတွေ တည်ရှိနေနိုင်တဲ့ သမိုင်းတန်ဖိုးအရ အရေးကြီးပြီး အလားအလာရှိတဲ့ နေရာမှာ ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းမရှိဘဲ အဆောက်အအုံဆောက်လုပ်တာဟာ ကမ္ဘာ့ အမွေအနှစ်ဒေသတခုမှာ ရှိရမယ့် စံနှုန်းသတ်မှတ်ချက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့လည်း ဆန့်ကျင်နေကြောင်း ဖော်ပြထားပါတယ်။  ဒါ့အပြင် ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်တင်သွင်းချိန် ၁၉၉၄၊ ၂၀၁၈ နှစ်ကြိမ်လုံးမှာ အငြင်းပွားခဲ့ရတဲ့ ကိစ္စရပ်မှာ  ပုဂံယဉ်ကျေးမှုဒေသရဲ့ ယဉ်ကျေးမှုဆိုင်ရာမြင်ကွင်း (Cultural Landscape) ကို မပျက်စီးစေဖို့ ထိန်းသိမ်းနိုင်မှုဟာ စိန်ခေါ်မှုတခုဖြစ်ခဲ့ပါတယ်။  ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရတာ တနှစ်မပြည့်သေးတဲ့ ပုဂံဒေသမှာ ယဉ်ကျေးမှုမြင်ကွင်းကို ထိခိုက်စေမယ့် ဆောက်လုပ်ရေးလုပ်ငန်း  ဆက်လက်ဆောင်ရွက်နေမှုဟာ ယဉ်ကျေးမှု အမွေအနှစ်များအစဉ်ထာဝရတည်တံ့နေရေးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတရပ် ဖြစ်ကြောင်း ထောက်ပြထားပါတယ်။ ဒါ့ကြောင့် ပုဂံရှေးဟောင်းယှဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းယဉ်ကျေးမှုမြင်ကွင်းနှင့် မသက်ဆိုင်တဲ့ အဆောက်အဦ ဆောက်လုပ်နေမှုတွေကို သက်ဆိုင်ရာတိုင်းအစိုးရက ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။  ပုဂံယဉ်ကျေးမှုဒေသဟာ နိုင်ငံတော်အဆင့်သာမက ကမ္ဘာ့အမွေအနှစ်အဆင့်ပါ သတ်မှတ်ခံရတဲ့ ဒေသဖြစ်တာကြောင့်  မြန်မာနိုင်ငံသားအားလုံးက ပြည်သူ့အားနဲ့ ဝိုင်းဝန်းထိန်းသိမ်းပေးဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024