မိုက်ကယ်ဘီဂျော်ဒန်၊ ဂျေမီဖောက်စ်တို့ ပါဝင်သည့် ဟောလိဝုဒ်ရုပ်ရှင်-Just Mercy (နမူနာ)

ထူးထူးခြားခြား Legal Drama အမျိုးအစား ဟောလိဝုဒ်ရုပ်ရှင်ကားတကားဖြစ်တဲ့ Just mercy ကို လာမယ့် ဇန်နဝါရီ ၁၀ ရက်နေ့ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ Short Term 12 ၊ The Glass Castle ရုပ်ရှင်တွေနဲ့ ပရိသတ်တွေ သိကြတဲ့ ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာ Destin Daniel Cretton က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပြီး Warner Bros. Pictures ကနေ ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တရားမျှတမှုအတွက် မှားယွင်းစွာ အပြစ်ချမှတ်ခံရတော့မယ့် တရားခံတယောက်ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ ရှေ့နေတယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ။  ၁၉၈၆ ခုနှစ်က အမေရိကန်နိုင်ငံ၊ အယ်လ်ဘားမားပြည်နယ်ထဲမှာ အမျိုးသမီးတယောက် အသတ်ခံရမှုအတွက် လူမည်းအမျိုးသားတယောက်ဟာ သံသယရှိတဲ့ တရားခံအဖြစ် စွပ်စွဲခံခဲ့ရပြီး သေဒဏ်ချမှတ်ခံရဖို့ ရှိနေပါတယ်။ ဒါပေမဲ့ သူ ပြစ်မှု မကျူးလွန်တာကို အားလုံးက သိနေခဲ့ကြပေမယ့် ဘာမှဆက်မလုပ်နိုင်ဘဲ ရှိနေချိန်မှာ အမှန်တရားရဲ့ ဘက်တော်သား ရှေ့နေ Bryan Stevenson က ဒီအမှုကို ကိုင်တွယ်ဖို့ ဖြစ်လာချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ၊ တကယ်ရော လွတ်မြောက်နိုင်ပါ့မလား ဆိုတာတွေကို ဒီကားထဲမှာ  အနိမ့်အမြင့် အတက်အကျ ဇာတ်လမ်း၊ ဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Michael B. Jordan ၊ Jamie Foxx ၊ Rob Morgan ၊ Brie Larson တို့က ပါဝင်ထားကြတာပါ။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Di‌alog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၃၆ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ နာမည်ကြီး ရုပ်ရှင်ပွဲတော်တခု ဖြစ်တဲ့ Toronto International Film Festival မှာ ကနဦး ပြသခဲ့ပြီး ချီးကျုးမှုတွေလည်း ရရှိထားခဲ့ပါတယ်။ ဒီကားထဲက သရုပ်ဆောင်မင်းသား Jamie Foxx ဟာ African-American Film Critics Association က ရွေးချယ်ချီးမြှင့်တဲ့ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ဒီကားနဲ့ ရရှိထားခဲ့ပြီး အမေရိကန် အခြေစိုက် National Board of Review ကတော့ ဒီရုပ်ရှင်ကို Freedom of Expression Award ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up