A d v e r t i s e m e n t With Us

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွင် အိမ်ခြေ ၁၀၀ ကျော် မီးလောင်

စစ်ကိုင်းတိုင်းဒေသကြီး  ဟုမ္မလင်းမြို့နယ်ထဲမှာ   မနေ့ည သန်းခေါင်အချိန်လောက်က မီးလောင်ကျွမ်းမှုဖြစ်ပွားတဲ့အတွက် အိမ်ခြေ ၁၀၀ ကျော် မီးထဲပါသွားပါတယ်။ ဟုမ္မလင်းမြို့နဲ့ မိုင် ၄၀ ကျော်လောက်ဝေးတဲ့ နန်တောရွာမှာ မနေ့ည ၁၂ နာရီကျော်လောက်က မီးစတင်  လောင်ကျွမ်းခဲ့တာဖြစ်ပြီး   အဲဒီရွာဟာ မြို့နဲ့ အလှမ်းဝေးတဲ့ အတွက် မီးသတ်ကား အချိန်မီမရောက်နိုင်တာကြောင့် အခုလိုအိမ်ခြေအများကြီး မီးထဲ ပါသွားရတာလို့ ဒီဒေသမှာ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်နေတဲ့  ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေး ပါတီရဲ့ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က ပြောပါတယ်။ “ချယ်ရီဆန်းဘီယာဆိုင်ကနေ စလောင်တယ် ပြောတယ်။ ည ၁၂ နာရီလောက်က စလောင်တာ ၄ နာရီထိုးတဲ့အထိ မီးငြိမ်းလို့မပြီးဘူး။ အဓိက ရွှေလုပ်ငန်းလုပ်ကိုင်တော့ ဆီပေပါတွေပေါက်ကွဲတာ။ ဟုမ္မလင်းမီးသတ်ကားတော့သွားတယ်။ ဒါပေမယ့် မီးသတ်ကားမလုံလောက်ဘူး၊ အသေးပဲရှိတယ်။ တော်တော်လည်းမောင်းရတော့ မီးလောင်အားကြီးသွားတော့ RC ၃ ထပ်၊ ၄ ထပ်တွေ ပါသွားတယ်။ ဆောက်လုပ်ဆဲတိုက်တွေလည်းပါသွားတယ်။” “အခုလောလောဆယ် စားဖို့သောက်ဖို့ ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်တွေ စီစဉ်ပေးနေတယ်။ မီးလောင်တဲ့ရွာက ဟုမ္မလင်းမြို့နဲ့က ၄၅ မိုင်လောက် ဝေးတယ်။ လမ်းကလည်းတော်တော်ဆိုးတယ်။ ကားနဲ့ဆို ၃ နာရီကျော်လောက်ကြာတယ်။” မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူနဲ့ ဆုံးရှူံးမှုပမာဏတွေ မသိရသေးပေမယ့် အခုမီးထဲပါသွားတဲ့ အိမ်တွေကတော့ ရွာက အိမ်ကြီးအိမ်ကောင်းတွေ များတဲ့အကြောင်း၊ ကျေးရွာရဲ့ ဈေးလည်း မီးထဲပါသွားတယ်လို့ ပြောပါတယ်။ မီးဘေးသင့်ပြည်သူတွေကို လတ်တလော ဘုန်းကြီးကျောင်းမှာ နေရာချထားပေးပြီး ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေး ပါတီကလည်း စားနပ်ရိက္ခာတွေ ပို့ပေးဖို့ ပြင်ဆင်နေပါတယ်။ မီးဘေးသင့်သူတွေကို အ၀တ်အထည်နဲ့ ဆေးဝါးတွေ ကူညီဖို့ ပါတီက အလှူငွေတွေကောက်ခံနေရာမှာ ဖုန်းနံပါတ် ၀၉ ၄၇၀  ၁၅၅၄၃ ကို ဆက်သွယ်နိုင်တယ်လို့လည်းဆိုပါတယ်။ မီးလောင်ရခြင်းအကြောင်းရင်းကို အသေအချာမသိရသေးပေမယ့်  ဟုမ္မလင်းဒေသခံ တယောက်ကတော့ အရက်ရောင်းတဲ့ဆိုင်က ကလေးတွေ  ဖယောင်းတိုင်မီးထွန်းခဲ့ပြီး  ဇာတ်ပွဲသွားကြည့်ရာက စတင် လောင်ကျွမ်းခဲ့တာလို့ ပြောပါတယ်။ ဟုမ္မလင်းမီးသတ်ဌာနကို ဆက်သွယ်မေးမြန်းရာမှာ လောလောဆယ် မီးသတ်ကား ၂ စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင်၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀ ခန့် အဲဒီရွာဘက် သွားနေကြောင်း၊ ညသန်းခေါင်ကျော်ကတည်းက ထွက်သွားပြီး ဖုန်းအဆက်အသွယ် မရသေးကြောင်း၊ သူတို့ ပြန်လာမှ အခြေအနေ အသေးစိတ်သိရမယ်လို့ ဖြေကြားသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up