ဖားကန့်တွင် ကျပ်သိန်း ၃ သောင်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
January 6, 2020
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မနေ့ညက ငွေကျပ်သိန်း ၃၁၆၇၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား အမြောက်အမြား ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ၂၀၂၀ ဇန်နဝါရီလ ၅ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်လောက် ဖားကန့်မြို့နယ်၊ ဆိပ်မူ ကျေးရွာအုပ်စု၊ ဆိပ်မူ-ဝှေခါသွား ကားလမ်းမှာ မဉမ္မာ မောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၄၀၀ ပြား နဲ့ လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ကွင်းဆက်အရ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာ၊ ဥရုချောင်းတံတားထိပ်မှာ ည ၉ နာရီအချိန် ဇော်တူး မောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ လွယ်အိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ပြား သိမ်းဆည်းရမိခဲပါတယ်။
ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာ၊ အမှတ်(၁/၃၂) ဇော်တူးနေထိုင်တဲ့ အိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၆၂၄၀၀၀ ပြားနဲ့ လက်ကိုင်ဖုန်းတလုံးတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။
မဉမ္မာ နဲ့ ဇော်တူးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။