လစ်ဗျား စစ်တက္ကသိုလ်တိုက်ခိုက်ခံရ၊ ၃၁ ဦးထက်မနည်း သေဆုံး

Reuters
လစ်ဗျားနိုင်ငံရဲ့ မြို့တော်ထရီပိုလီက စစ်တက္ကသိုလ်တခု ဇန်နဝါရီ ၄ ရက်က တိုက်ခိုက်ခံရလို့ သေဆုံးသူ အယောက် ၃၀ ထက် မနည်းရှိပြီး ၃၃ ယောက် ဒဏ်ရာရတယ်လို့ ထရီပိုလီအခြေစိုက်(GNA)အစိုးရရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၅ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။  တပ်သားတွေ ချီတက်ရာ စစ်ရေးပြကွင်းကတော့ သွေးတွေ၊အဝတ်တွေ ဖုံးနေတာပါ။ ထရီပိုလီက မျက်မြင်သက်သေ မိုဟမ်မဒ်အယ်လ်ယာစီယာက တိုက်ခိုက်မှုကို ဆန့်ကျင်နေ တဲ့ လူတွေနဲ့ သွေးလှူဖို့ စောင့်နေတဲ့ လူတွေရဲ့ ပုံတွေကို လူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။  နိုင်ငံတကာအသိအမှတ်ပြုအစိုးရ ထိန်းချုပ်ထားတဲ့ ထရီပိုလီမြို့ဟာ စစ်ဦးစီးချုပ် ခါလီဖှာ ဟဲ့ဖှ်တာ ဦးဆောင်တဲ့ လစ်ဗျားအမျိုးသားစစ်တပ်(LNA)ရဲ့ ဧပြီလကစတဲ့ ထိုးစစ်ကို ရင်ဆိုင်နေရပါတယ်။  လတ်တလော သီတင်းပတ်တွေအတွင်း ထရီပိုလီမြို့ဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှု၊ အမြောက်နဲ့ ပစ်ခတ်မှု တိုးလာနေတာပါ။  တူရကီလွှတ်တော်ကလည်း(GNA)အစိုးရကို ထောက်ပံ့ဖို့၊စစ်ကူ လွှတ်ဖို့ ခွင့်ပြုတဲ့အ ကြောင်း မဲပေးခဲ့အပြီးမှာ တိုက်ပွဲတွေ တိုးလာမှာကို စိုးရိမ်နေကြပါတယ်။   ၂၀၁၉ ခုနှစ် ဒီဇင်ဘာအစကနေ ခုထိ ပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၁ယောက်ထက် မနည်း သေဆုံးပြီး ကျောင်းတွေနဲ့ ဆေးရုံ ဆေးခန်းတွေ ပိတ်ထားရတယ်လို့ လစ်ဗျားနိုင်ငံတွင်းက ကုလသမဂ္ဂအဖွဲ့က ဇန်နဝါရီ ၃ရက်မှာ ပြောထားပါတယ်။  လစ်ဗျားမှာ အပစ်အခတ်ချက်ချင်း ရပ်ဖို့ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂုတားရဲ့စ်က သောကြာနေ့မှာ ထပ်ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up