ရန်ကုန်-ပြည်လမ်းတွင် ဘုရားဖူးယာဉ်တိမ်းမှောက်၊၂ ဦးသေ ၂၁ ဦး ဒဏ်ရာရ
DVB
·
January 6, 2020
ကြို့ပင်ကောက်မြို့နယ် ကြံတောစုရွာအနီး ရန်ကုန်-ပြည်ကားလမ်းမိုင်တိုင်အမှတ် ၁၂၅ နဲ့ ၁၂၆ အကြားမှာ အကောက်တောင်ဘုရားဖူးက ပြန်လာတဲ့ ယာဉ်တစီး ဇန်နဝါရီ ၅ ရက် ညနေ ၅ နာရီမှာ ချောက်ထဲထိုးကျ တိမ်းမှောက်ခဲ့တာကြောင့် ၂ ယောက် သေဆုံးပြီး ၂၁ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။
အညာသား(ခ)ဇော်လင်းထွန်းမောင်းနှင်လာတဲ့ LIGHT TRUCKယာဉ်ဟာ ဆိုင်ကယ်တစီး ကို တိမ်းရှောင်ရာကနေ ချောက်ထဲထိုးကျတိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။
ယာဉ်မှောက်တာကြောင့် ဘုရားဖူးခရီးသည် ၂ ယောက်သေဆုံးခဲ့ပြီး ၂၁ ယောက် ဒဏ်ရာရရှိခဲ့တဲ့အနက် ၄ ယောက် ဒဏ်ရာပြင်းထန်တယ်လို့ ကြို့ပင်ကောက်မြို့ နာရေးကူညီမှုအသင်းဝင် ကိုဌေးနိုင်ဦးက ပြောပါတယ်။
"ကားပေါ်မှာ ဘုရားဖူး ၂၇ ဦးပါတယ်။တယောက်က အခင်းဖြစ်နေရာမှာသေသွားတယ်။ ပြင်းထန်ဒဏ်ရာရ လေးယောက်ကို ရန်ကုန်အပို့ ဥက္ကံမြို့အရောက်မှာ တယောက်သေတယ်။ ကျန်ထိခိုက်ဒဏ်ရာရတာ ၁၇ ဦး၊ ဆိုင်ကယ်သမားလည်း ဦးခေါင်းထိလို့ ရန်ကုန်ဆေးရုံ ပို့လိုက်ရတယ်။”
ယာဉ်မောင်းဖြစ်သူကတော့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။ ကြို့ပင်ကောက်မြို့မရဲစခန်းက ယာဉ် မဆင်မခြင်မောင်းနှင်တဲ့ ယာဉ်မောင်း အညာသား(ခ) ဇော်လင်းထွန်းကို ရာဇသတ်ကြီးဥပဒပုဒ်မ ၃၃၇/၃၃၈/၃၀၄-ကတို့ နဲ့ အမှုဖွင့်ထားပြီး ဖမ်းစီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
မေသွယ်