ကျောင်းတက်ရက် မပြင်ဆင်ပါက မဲရုံတာဝန်များမထမ်းဟု MTF ကြေညာ
DVB
·
January 6, 2020
ပညာရေးဝန်ကြီးဌာနအနေနဲ့ မတ်လအကုန်အထိ ကျောင်းတက်ရက်သတ်မှတ်ချက်ကို မပြင်ဆင်ပေးပါက ၂၀၂၀ ရွေးကောက်ပွဲမဲရုံတာဝန်နဲ့အပိုတာဝန်တွေကို ဆောင်ရွက်မပေးဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာဆရာဆရာမများအဖွဲ့ချုပ် (MTF) က ဇန်နဝါရီ ၅ ရက်မှာ အတိအလင်း ကြေညာလိုက်ပါတယ်။
ကျောင်းတက်ရက် သတ်မှတ်ချက်ကို ပညာရေးဝန်ကြီးဌာနက ပြန်လည်ဆွေးနွေးသုံးသပ်အဖြေရှာတာ မပြုလုပ်ပါက မဲရုံတာဝန်လို မိမိတို့မူလတာဝန်တွေနဲ့ လုံးဝ မသက်ဆိုင်တဲ့ အပိုတာဝန်တွေကို ဥပဒေနဲ့အညီ ငြင်းပယ်ခြင်းအားဖြင့် ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ ကြေညာချက်က ဆိုပါတယ်။
လက်ရှိရေးဆွဲထားတဲ့ သင်ရိုးသစ်သင်ခန်းစာတွေဟာ သတင်း ၃၆ ပတ်စာ ဖေဖော်ဝါရီလ ကုန်အထိသာ ရေးဆွဲထားတာဖြစ်ပြီး မတ်လကုန်အထိ စာသင်ရက် တိုးမြှင့်လိုက်တာဟာ ကျောင်းသားကျောင်းသူတွေရဲ့ ပညာကို ထူးခြားစွာ တိုးတက်လာမှာမဟုတ်ဘူးလို့ ကြေညာချက်မှာ ဝေဖန်ပြောဆိုထားပါတယ်။
ပညာရေးဝန်ကြီးဌာနအနေနဲ့ စာသင်ရက် တိုးမြှင့်သတ်မှတ်ရတာနဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့မေးမြန်းချက်ကို ဖြေကြားရာမှာလည်း တိကျခိုင်မာတဲ့ ပညာရေးသဘောတရား၊ မူဝါဒဆိုင်တွေကို မဖြေကြားခဲ့ဘဲ မိဘတွေ စီးပွားရေးအောင်မြင်အောင် ဆောင်ရွက်နိုင်စေဖို့ ကျောင်းတွေကို မတ်လအထိ ဆက်ဖွင့်ထားရကြောင်းသာ ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။
ပညာရေးဝန်ကြီးဌာနအနေနဲ့ ဆရာ ဆရာမများ၊ မိဘများ၊ ကျောင်းသားကျောင်းသူတွေရဲ့ အခက်အခဲတွေကို လျစ်လျူရှုကာ အောက်ခြေသဘောဆန္ဒမပါဘဲ စာသင်ကာလ တိုးမြှင့်တာဟာ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ရာရောက်ပြီး ရွေးကောက်ခံ အစိုးရရဲ့ ပုံရိပ်ကိုလည်း ကျဆင်းစေတယ်လို့ MTF က ဆိုပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ စာသင်ကာလကို မတ်လကုန်အထိ သတ်မှတ်ဖို့ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်က ဒီဇင်ဘာ ၂၂ ရက်နေ့ကလည်း ကြေညာချက်ထုတ်ပြန်ကန့်ကွက်ထားပါတယ်။
အခြေခံပညာ အတန်းအသီးသီးရဲ့ စာမေးပွဲတွေကို တက္ကသိုလ်ဝင်စာမေးပွဲမတိုင်မီ ဖေဖော်ဝါရီ နောက်ဆုံးပတ်မှာ ကျင်းပလေ့ရှိပြီး ကျောင်းပိတ်ရက်ကို မတ်လကနေ ဇွန်လအထိ ၃ လ သတ်မှတ်ထားပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ အခုနှစ် သတ်မှတ်ချက်အရ မတ်လကုန်အထိ ကျောင်းတက်ရပါက ကျောင်းပိတ်ရက် ၂ လသာ ရှိတော့မှာလည်း ဖြစ်ပါတယ်။