Homeမြန်မာသတင်း
ဘတ် ၇ သိန်းခန့်တန်ဖိုးရှိ ရွှေငွေများခိုးယူသွားသည့် မြန်မာ အိမ်အကူအမျိုးသမီးအား ဖမ်းမိ
ဘတ် ၇ သိန်းခန့်တန်ဖိုးရှိ ရွှေငွေများခိုးယူသွားသည့် မြန်မာ အိမ်အကူအမျိုးသမီးအား ဖမ်းမိ
DVB
·
January 5, 2020
ထိုင်းနိုင်ငံ ဘန်ကောက်မှာ အိမ်ရှင်မရှိခိုက် ဘတ် ၇ သိန်းကျော်တန်ဖိုးရှိ ရွှေငွေပစ္စည်းတွေ ခိုးယူသွားခဲ့တဲ့ မြန်မာအိမ်အကူအမျိုးသမီးတဦးကို ထိုင်းရဲတွေက ဖမ်းဆီးလိုက်တယ်လို့ ခုမ်းချတ်လိုတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဖာ့ဆိုင် ခေါ် သန်းဦးမြာ ဆိုသူ အသက် ၂၇ နှစ်ရွယ် မြန်မာအိမ်အကူအမျိုးသမီးတဦးဟာ သူတို့နေအိမ်မှာ မရှိခိုက် မီးခံသေတ္တာကို ယူဆောင်ထွက်ပြေးသွားကြောင်း ဘန်ကောက်ခလောင်းတွေနယ်မြေ ဖရခနုန်ရပ်ကွက် ဆုခုမ်ဝစ် ၄၂ လမ်းနေ ထိုင်ဝမ်နိုင်ငံသားလင်မယားက ဇန်နဝါရီလ ၃ ရက်ညနေပိုင်းက ရဲစခန်းမှာ လာရောက်တိုင်တန်း ထားပါတယ်။
ရဲတပ်ဖွဲ့က သူမထွက်ပြေးနိုင်မယ့်လမ်းကြောင်းတွေကို လိုက်လံရှာဖွေရာမှာ အဲဒီနေ့ည ၉ နာရီ လောက်မှာပဲ ထိုင်းမြောက်ပိုင်း နခွမ်းဆဝမ်ခရိုင် လမ်းခုလတ်မှာ မြန်မာပြည်သို့ ပြန်လာစဉ် ကားတစီးပေါ်ကနေ ခိုးရာပါ ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဘန်ကောက် ခလောင်းတန်နယ်မြေရဲတပ်ဖွဲ့က ပြောပါတယ်။
အခိုးခံရတဲ့ ပစ္စည်းတွေမှာ ထိုင်းဘတ်ငွေ ၂ သိန်း၊ အမေရိကန်ဒေါ်လာ ၈ ထောင်၊ ထိုင်ဝမ်ငွေ ၆ သောင်းနဲ့ ထိုင်းဘတ် ၁ သိန်းခန့်တန်ဖိုး အခြားနိုင်ငံခြားငွေများ၊ ခရက်တစ်ဘဏ်ကတ် ၁၅ ကတ်၊ ဘတ် ၂ သောင်းတန်ဖိုးရှိ ရွှေဆွဲကြိုး ၊ ငါးမူးသား အလေးချိန်ရှိ ရွှေလက်ကောက် ၁ ကွင်း၊ စိန်လက်စွပ်နဲ့ ကျောက်စိမ်း လက်စွပ်ရော ဘုရားဆင်းထုတော်လော့ကက်တွေပါ စုစုပေါင်း တန်ဖိုး ဘတ် ၇ သိန်းခန့်ရှိပြီး ဘတ်ငွေ ၁ သိန်းကိုတော့ ဒီမတိုင်ခင်ကဘဲ မြန်မာပြည်ရှိ မိသားစုထံ လွှဲပေးလိုက်တယ်လို့ သန်းဦးမြာက ၀န်ခံပြောကြားပါတယ်။
သူမဟာ အလုပ်ရှာဖွေရေးကုမ္ပဏီတစ်ခုအဆက်အသွယ်နဲ့ ပြီးခဲ့တဲ့နှစ် မတ်လက အဆိုပါ ထိုင်ဝမ်မိသားစုနေအိမ်မှာ တလ ဘတ် ၁၅၀၀၀ နဲ့ အိမ်အကူအဖြစ်စတင် ၀င်ရောက်လုပ်ကိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာတော့ အိမ်ရှင်က ထိုင်ဝမ်နိုင်ငံ ခဏပြန်မယ့်အကြောင်းပြောပြီး သူမကို အိမ်စောင့်အဖြစ်ထားခဲ့ကြောင်း၊ မီးခံသေတ္တာသော့ကို အဝတ်ဘီဒို အံဆွဲရှိ သေတ္တာတခုမှာ ဝှက်ထားတဲ့အတွက် လုံခြုံစိတ်ချမိတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၃ ရက်နေ့ သူတို့မိသားစုပြန်ရောက်လာတော့ အိမ်အကူကိုမတွေ့ရဘဲ မီးခံသေတ္တာပါ ပျောက်ဆုံးသွားကြောင်း ကွန်ဒိုတိုက်ခန်းရှိ စီစီကင်မရာမှတ်တမ်းတွေ ပြန်စစ်ဆေးကြည့်ရာမှာ အိမ်အကူမှာ အထုတ်သယ်ပြီး ထွက်သွားတာတွေ့ရလို့ ရဲစခန်းကို လာရောက်တိုင်ကြားတာလို့ အိမ်ရှင်ကရဲကိုပြောပါတယ်။
ရဲတပ်ဖွဲ့က သန်းဦးမြာကို ဘန်ကောက်ခရိုင် ဆွန်လုံမြို့နယ် ခလောင်းတန်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ခိုးမှု ၊ ခိုးရာပါပစ္စည်းများအား သိမ်းဆည်းသိုဝှက်မှုတွေနဲ့ အရေးယူသွားမယ်လို့ ရဲတပ်ဖွဲ့က ပြောသွားပါတယ်။
ကိုးကား-komchadluek.net