Home
မြန်မာသတင်း
မဟာဆန္ဒန်ဂူအနီး အင်းရေခန်းခြောက်လာသဖြင့် လှေစီးလည်ပတ်သူ ထက်ဝက်လျော့နည်း
DVB
·
January 5, 2020
ကရင်ပြည်နယ်ရဲ့အထင်ကရ သမိုင်းဝင်လိုဏ်ဂူဖြစ်တဲ့ မဟာဆန္ဒန်ဂူအနီးက သဘာဝအင်းဟာ ရေခန်းခြောက်လာတဲ့အတွက် သဘာဝပတ်ဝန်းကျင်နဲ့ လှိုဏ်ဂူတွေကို လှေနဲ့သွားရောက်လည်ပတ်သူ ထက်ဝက်ခန့်လျော့နည်းသွားတယ်လို့ ဘုရားဂေါပကအဖွဲ့ နာယက ဦးဖိုးဖြူက ပြောပါတယ်။ မဟာဆန္ဒန်ဂူကို ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်ဝင်ရောက်မှုဟာ အစိုးရရုံးပတ်ရက်နဲ့ နွေရာသီကျောင်းပိတ်ရက်တွေမှာ နေ့စဉ် လူဦးရေ ၁ သောင်းနီးပါးလောက် ဘုရားဖူးလာရောက်ကြတယ်လို့ ဆိုပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ လှိုဏ်ဂူလေ့လာသူ လှေစီးဧည့်သည်ကတော့ နေ့စဉ် ၃ ထောင် နီးပါလောက်ရှိပြီး လှေစီးသူ ထက်ဝက်နီးပါး လျော့နည်းသွားခဲ့တာပါ။ ပြေးဆွဲနေတဲ့ လှေက အစီး ၈၀ လောက်ရှိတယ်လို့ သိရပါတယ်။ ဆန္ဒန်ဂူ သဘာဝအင်းကြီး ရေခန်းခြောက်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး မိုးကာလ မိုးရွာသွန်းမှု နည်းပါးမှုအပြင် ဒေသခံလယ်သမားတွေ လယ်အောင်ရေအတွက် ရေစုပ်သွန်းယူမှုတွေကြောင့် အင်းရေခန်းခြောက်မှုဟာ ဒီဇင်ဘာ နောက်ဆုံးပတ်မှစတင်ပြီး ဖြစ်ပေါ်ခဲ့တာပါ။ မဟာဆန္ဒန်ဂူ၊ ဘုရားဂေါပကအဖွဲ့ နယက ဦးဖိုးဖြူက “ရေရှိတော့ သွားလာတာပေါ့။ အခုတော့ အခက်အခဲရှိတာပေါ့။ ရေမှ မရှိတာ။ အရင်က ဘုရားဖူးလှေအခေါက် ၃၀၀ ကျော် ၄၀၀ နီးပါး ပို့ရတယ်။ တနေ့တနေ့ကို သူအလှည့်နဲ့သူ။ အခု တံတားလုပ်ရတယ်။ လှေစီးသူ အများကြီး လျော့နည်းသွားတယ်”လို့ ပြောပါတယ်။ မဟာဆန္ဒန်ဂူဘုရား၊ လှေဂိတ် တာဝန်ခံ ဦးရေချိန်က “လူကတော့ မနည်းဘူး။ လှေစီးတာတော့ နည်းတာပေါ့။ တခြားသူတွေ သူတို့လေ့လာမယ်ဆို စီးတာပဲ။ အဝေးကြီးလာပြီး တွေ့ချင်တော့စီးပေါ့။ သွားလေ့လာပေါ့။ ပြန်လှည့်လည်း ရတယ်။ ပြန်သွားလည်း ရတယ်။ အဲလိုမျိုး ပြောပြရတယ်” လို့ ပြောပါတယ်။ ရန်ကုန်မြို့၊ STRATEGY FIRST UNIVERSTY ကိုမောင်မောင်မြင့်မြတ်က“ ဆည်မြောင်းတာတမံ တခုခုတည်ဆောက်ပြီးတော့ အနီးအနားမှာရှိတဲ့ လယ်ကွင်းတွေကို ရေပေးစေချင်တယ်။ အခုလို သဘာဝတရားကြီးက ဖောက်ထုတ်လိုက်တဲ့အခါကျတော့ ခရီးသွားပြည်သူတွေအနေနဲ့ကော တန်ဖိုးရှိလှတဲ့ ဆန္ဒန်ဂူကြီးအတွက်လည်း မကောင်းဘူး”လို့ ပြောပါတယ်။ အင်းအတွင်း ရေတွေကို အနီးပတ်ဝန်းကျင်ကျေးရွာ ၁၀ ရွာလောက် လယ်သမားတွေဟာ စပါးအောင်ရေရရှိရေးအတွက် ရေစုပ်ယူသုံးစွဲနေရတဲ့အတွက် အင်းရေခန်းခြောက်တာ၊ အင်းအတွင်းငါးမျိုးစိတ်တွေ သေဆုံးတာအပြင် အင်းရေညစ်ညမ်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ပြည်တွင်းပြည်ပဧည့်သည့်တွေဟာ သမိုင်းဝင် ဇွဲကပင်တောင်၊ ကော့ကသောင်၊ ဘုရင့်ညီဂူ၊ မဟာဆန္ဒန်ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူတွေနဲ့ သဘာဝရေတံခွန်တွေကို အများဆုံးလာရောက်လည်ပတ်ကြသလို ကရင်ပြည်နယ်အစိုးရအနေနဲ့ ၂၀၁၇ ခုနှစ်ကစတင်ပြီး ခရီးသွားလုပ်ငန်းကို အရှိန်မြှင့် ဆောင်ရွက်ခဲ့ပါတယ်။ မဟာဆန္ဒန်ဂူဟာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အိန္ဒု-မော်လမြိုင်ကားလမ်းမကြီးအနီး ကော့ဝါးဆူးကျေးရွာအနီးမှာတည်ရှိပြီး ဘုရားဖူးလာရောက်သူ အများဆုံး ဖြစ်ပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024