ကန်ကြီးထောင့်သပိတ်မှောက်အလုပ်သမားများ ဝန်ကြီးချုပ်နှင့်တွေ့ခွင့်ရရန် တောင်းဆို
DVB
·
January 5, 2020
ကန်ကြီးထောင့် သပိတ်မှောက်အလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေးအတွက် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်ရဖို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ဇန်နဝါရီလ ၅ ရက်နေ့ နေ့လယ်ပိုင်းက လာရောက်တောင်းဆိုခဲ့ပါတယ်။
အခုလိုတောင်းဆိုရတာဟာ ချိုးဖောက်ခံနေရတဲ့ အလုပ်သမား အခွင့်အရေးတွေကို တွေ့ဆုံပြောပြဖို့အတွက်လို့ အလုပ်သမားသပိတ် ခေါင်းဆောင်တဦးဖြစ်တဲ့ မစုပုံချစ်က ဒီဗွီဘီကို ပြောတယ်။
အစိုးရရုံးရှေ့မှာ အခုလိုအလုပ်သမား ၁၅ဝ ကျော် ရောက်ရှိလာချိန်မှာ အထွေထွေအုပ်ချုပ်ရေး ဌာနကတာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေ လာရောက်ပြီး ရုံးရှေ့မှာ ဒေသန္တရအမိန့်အရ နေလို့မရကြောင်း ပြောဆိုခဲ့ပေမဲ့ အလုပ်သမားတွေက ဝန်ကြီးချုပ်နဲ့ မတွေ့ရမချင်း အဲဒီနေရာက ဖယ်ရှားပေးမှာမဟုတ်ဘူးလို့ဆိုပါတယ်။
တာဝန်ရှိသူတွေက ဒေသန္တရအမိန့်ကို ဖတ်ပြပြီးတဲ့နောက်မှာတော့ ရဲတပ်ဖွဲ့အင်အား ၃၀ နဲ့အတူ လုံခြုံရေးနေရာချထားတာတွေ လုပ်ခဲ့ပါတယ်။
ဒီဇင်ဘာ ၉ ရက်နေ့ကနေ စတင်ဖြစ်ပေါ်ခဲ့တဲ့ ကန်ကြီးထောင့်မြို့မှာရှိတဲ့ ဟွာမှုန်အထည်ချုပ်စက်ရုံ အလုပ်သမားသပိတ်နဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံအာဏာပိုင်အဖွဲ့အစည်းတွေက ဝင်ရောက်ညှိနှိုင်းခဲ့ပေမယ့် အလုပ်ရှင်နဲ့ အလုပ်သမားကြား အခုထိ မပြေလည်သေးတာပါ။
မင်းထက်မုန်း (ပုသိမ်)