ဇီးကုန်း အန်အယ်လ်ဒီပါတီဥက္ကဋ္ဌကို နစ်နာကြေး သိန်း ၅၀ ရလိုမှုဖြင့် တရားစွဲဆို
DVB
·
January 5, 2020
ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ် အန်အယ်လ်ဒီပါတီဥက္ကဋ္ဌကို နစ်နာကြေး သိန်း ၅၀ ရလိုမှုနဲ့ ပါတီဝင်တဦးက ဇန်နဝါရီ ၅ ရက်နေ့မှာ တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။
တရားစွဲဆိုတဲ့ အန်အယ်လ်ဒီပါတီဝင် ဦးသန်းအောင်က "ပါတီရဲ့ မမှန်မကန်လုပ်ဆောင်မှုတွေကို တိုင်ခဲ့တဲ့အတွက် တိုင်စာနဲ့ပတ်သက်ပြီး ၂၀၁၉ ခုနှစ် ၇ လပိုင်းက ဇီးကုန်းမြို့မရဲစခန်းမှာ ကျနော့်ကို အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဦးလိူင်ဝင်းက နိုင်လွတ်လုံပုဒ်မ ၁၀ နဲ့ တရားစွဲတယ်။ ၉ လပိုင်း ၁၀ ရက်နေ့မှာ အဖမ်းခံခဲ့ရတယ်။ အချုပ်ထဲမှာ ၃ လနီးပါးနေခဲ့ရတယ်။ ၁၁ လပိုင်း ကုန်ခါနီးမှာ အမှုကိုပလပ်ပြီး ပြန်လွတ်ခဲ့တယ်။ သူတို့ မမှန်မကန်တရားစွဲတဲ့အတွက် ကျနော်နဲ့ မိသားစုဂုဏ်သိက္ခာကျဆင်းစေတယ်။ ဒီမိုကရေစီအရေးမှာလုပ်တဲ့ မျိုးဆက်သစ်ရဲဘော်ရဲဘက်တွေကိုလည်း နိုင်ငံရေးလုပ်တဲ့သူတွေအပေါ် မတရားတာလုပ်ရင် ဥပဒေအကာအကွယ်ရှိတယ်ဆိုတာကိုလည်း သိစေချင်လို့ အခုလိုလုပ်တာပါ" လို့ ပြောပါတယ်။
အခုလို တရားစွဲဆိုခံရတဲ့အပေါ် ဇီးကုန်းမြို့နယ် အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဦးလှိုင်ဝင်းက "တရားစွဲဆိုတယ်ဆိုတာနဲ့ပတ်သက်ပြီး တရားရုံးကတော့ ခုချိန်ထိ အကြောင်းကြာတာ မရှိသေးပါဘူး။ လူတိုင်းက ဥပဒေရဲ့အကျိုးခံစားခွင့်ရှိတယ်။ သူဘက်က မှန်တယ်ထင်လို့လုပ်တဲ့အပေါ် ကျနော့်ဘက်က မှားတယ်လို့ထင်ရင် သူအကျိုးခံစားရမှာပါ။ အစကတည်းက ကျနော်တို့ဘက်က ဥပဒေနဲ့အညီ လုပ်ခဲ့တာဖြစ်တဲ့အတွက် ဒီအပေါ်မှာ တုန်လှုပ်မူမရှိပါဘူး" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဇီးကုန်းမြို့နယ်တရားရုံးက ဇန်နဝါရီ ၁၆ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားတယ်လို့ သိရပါတယ်။
မေသွယ်