မင်းကင်းမြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ပေးရန် တောင်းဆို
DVB
·
January 5, 2020
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် ချင်းတွင်းမြစ်အထက်ပိုင်း မြစ်ရဲ့အရှေ့ဘက်ပိုင်းမှာ ကျေးရွာချင်းဆက်လမ်းတွေ ဖောက်လုပ်ပေးဖို့ ကျေးရွာနေပြည်သူတွေက တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ နှစ်က မုံရွာမြို့မှာပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံနဲ့ လူထုတွေ့ဆုံပွဲခရီးစဉ်မှာလည်း တောင်းဆိုတင်ပြထားပေမယ့် ဒီနေ့အချိန်ထိ မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မင်းကင်းမြို့နယ် မုံဒင်းကျေးရွာကနေ လျှော်ဖြူပင်ကျောက်တန်းအထိ ရွာပေါင်း ၃၀ ခန့်ဟာ လူမှုရေး စီးပွားရေး ကျန်းမာရေး အားလုံးဟာ ရေလမ်းကြောင်းတစ်ခုတည်းကိုသာ အားထားအသုံးပြုနေရတာဖြစ်ပြီး ကုန်းလမ်းသွားလာရေးအဆင်ပြေစေဖို့ကို လိုလားနေကြတာပါ။
လက်ရှိမှာ တရွာနဲ့တရွာ ဖြစ်သလိုသွားလာနေရပြီး မိုးရာသီဆိုရင် ကုန်းလမ်းကနေသွားလာလို့ အဆင်မပြေတော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
လမ်းမိုင် ၂၀ အရှည် တောင်းခဲ့ပေမယ့် ၂၀၁၉-၂၀၂၀ ဘက်ဂျက်မှာ ပျဉ်းကိုင်-တဲကြီး-ပန်းကောက်ထိ ၅ မိုင်သာ ရရှိသေးတယ်လို့ မင်းကင်းမြို့နေ ဦးမန်းအောင်စိုးသိန်းက ပြောပါတယ်။
ဌေးလှိုင်