နိုင်ငံရေးမှုနှင့်ထိန်းသိမ်းခံခဲ့ရသူ စာရေးဆရာများ တွေ့ဆုံပွဲကျင်းပ
DVB
·
January 5, 2020
စာရေးဆရာ၊ ကဗျာဆရာနဲ့ စာပေမိတ်ဆွေတွေရဲ့ လွတ်လပ်ရေးနေ့အထိမ်းအမှတ် တွေ့ဆုံပွဲ ကို ရန်ကုန်မြို့ မြကျွန်းသာပန်ခြံအတွင်းမှာရှိတဲ့ ခိုင်လီစားသောက်ဆိုင်မှာ ဇန်နဝါရီ ၄ ရက်ည ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲကို နိုင်ငံရေးလှုပ်ရှားမှုနဲ့ ထောင်ဒဏ်ကျခံခဲ့ရတဲ့ စာရေးဆရာတွေ၊တသက်တကျွန်းပို့ခံခဲ့ရတဲ့ စာရေးဆရာတွေနဲ့ကဗျာဆရာတွေ ပူးပေါင်းကျင်းပကြတာ ဖြစ်ပါတယ်။
အခုလိုတွေ့ဆုံပွဲ ဖြစ်မြောက်အောင် စာရေးဆရာထက်မြက်က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ၂၀၀၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။
ဒီလိုပွဲတွေ နှစ်စဉ်ကျင်းပနိုင်ဖို့ ဒီပွဲမှာပါဝင်ကြတဲ့ စာရေးဆရာတွေက စုပေါင်းငွေကြေးအင်အားနဲ့ ကျင်းပခဲ့ကြတာလို့ ဆရာထက်မြက်က ပြောပါတယ်။
အခုလိုတွေ့ဆုံပွဲကို နှစ်စဉ်ကျင်းပနိုင်အောင် လက်ဆင့်ကမ်းတာဝန်ယူကြဖို့ကိုလည်း ဆရာထက်မြက်က တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဒီနှစ်ကျင်းပတဲ့ပွဲကိုတော့ စာရေးဆရာ၊ ကဗျာဆရာ၊ရှေ့နေ၊ ဒါရိုက်တာနဲ့ တေးရေးဆရာ အပါအဝင် လူ ၈၀ ကျော် တက်ရောက်ခဲ့ပါတယ်။
အရင်နှစ်တွေက လူနှစ်ဆယ်ဝန်းကျင်နဲ့သာ ကျင်းပခဲ့ပေမယ့် ဒီနှစ်က လူအများဆုံး တက်ရောက်တဲ့ ပွဲဖြစ်ပါတယ်။