လောင်းလုံးမြို့နယ်တွင် ဂဝံယဉ်ကျေးမှုထွန်းကားသည့် နေရာအသစ်တခု ထပ်မံတွေ့ရှိ
DVB
·
January 5, 2020
တနင်္သာရီတိုင်း ထား၀ယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပြင်ကျွန်းကျေးရွာအုပ်စု၊ နတ်တွင်ရှောင်ရွာ၊ မြင်ထန်တောင်ပေါ်မှာ ဂဝံယဉ်ကျေးမှုထွန်းကားတဲ့နေရာတခု ဇန်နဝါရီ ၄ ရက်နေ့က ထပ်မံတွေ့ရှိတယ်လို့ ထား၀ယ်ရှေးဟောင်းသုတေသီ ဦးအောင်မျိုးကပြောပါတယ်။
ယခင်က ထား၀ယ်ခရိုင်အတွင်း ထား၀ယ်မြို့၊ ကျောက်မော်ရပ်ကွက်၊ ဝဲကြီးတောင်မှာ ဂဝံကျောက်ထီးကိုတွေ့ရပြီး လောင်းလုံးမြို့နယ်အတွင်း နခံတောကျေးရွာ၊ ရပ်ခံတောင်မှာ ဂဝံထုတ်တဲ့နေရာနဲ့ မင်းရပ်ကျေးရွာ၊ မြင်သုံးမြင်တောင်တို့မှာ ဂဝံဗုဒ္ခဆင်းတုတော်နဲ့ ဂဝံရုပ်တု၊ သာဂရမြို့ဟောင်း၊ ဆင်ပုနစ်ရွာမှာ စတူပါ(ခေါ်) စေတီငယ်တို့ကို တွေ့ရှိထားပါတယ်။
ယခုမြင်ထန်တောင်မှာ ဂဝံဗုဒ္ခဆင်းတုတော်၊ မျောက်လို့ယူဆရတဲ့ ဂဝံရုပ်လောင်းတွေနဲ့ စတူပါ (ခေါ်) စေတီငယ်တွေကို ထပ်မံတွေရှိရတယ်လို့ ဆိုပါတယ်။
“အခုတွေ့ရှိမှုက အရင်တွေရှိမှုများထက် ခိုင်လုံတဲ့ အထောက်အထားလို့ဆိုရမယ်၊ ဘာဖြစ်လို့လဲ့ဆိုတော့ စတူပါ(ခေါ်) စေတီငယ်များနဲ့ ရုပ်လုံးရုပ်ကြွများ၊ ဗုဒ္ခဆင်းတုတော်တဆူတို့ ထင်ရှားတွေ့ရတဲ့အတွက်ကြောင့်ဖြစ်တယ်” လို့ ဦးအောင်မျိုးက ပြောပါတယ်။
မြင်ထန်တောင်ပတ်၀န်းကျင်မှာလည်း ဂဝံအပိုင်းအစတွေ တွေ့ရပြီး ရုပ်လောင်းတွေ ထုတ်လုပ်တဲ့ နေရာရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။
သာဂရမြို့ဟောင်း(ထား၀ယ်မြို့ဟောင်း) ၊ဆင်ပုနစ်ရွာမှ စတူပါ(ခေါ်) စေတီငယ်နဲ့ မင်းရပ်ကျေးရွာ မြင်သုံးမြင်တောင်မှာတွေ့ရှိထားတဲ့ ဂဝံဗုဒ္ခဆင်းတုတော်တို့ကို ထား၀ယ်မြို့ရှိ တနင်္သာရီတိုင်းဒေသကြီး ယဉ်ကျေးမှုပြတိုက်မှာ ပြသထားပါတယ်။
စတူပါယဉ်ကျေးမှုမှာ အေဒီ ၄ ရာစု (လွန်ခဲ့သော ၁၆၂၀ ပြည့်နှစ်) လောက်က ထွန်းကားခဲ့တယ်လို့ ပညာရှင်တွေက ဆိုပါတယ်ေ
ဂဝံကို ရုပ်တုရုပ်ကြွတွေကိုလည်း ထုလုပ်နိုင်လို့ ဂဝံရုပ်တုတွေေ ဂဝံစေတီပုထိုးတွေ၊ ဂဝံတံတိုင်းတွေကို ပြုလုပ်ခဲ့ကြရာမှ ဂဝံထွက်ရှိရာအရပ်ဒေသတွေမှာ ဂဝံယဉ်ကျေးမှု ထွန်းကား့ခဲတယ်လို့ သိရပါတယ်။
ဂဝံမှာ ကျစ်လစ်မာကျောတဲ့ ကျောက်အသွင်ပြောင်း မြေစေးဖြစ်လို့ လမ်းခင်းခြင်းနဲ့ အဆောက်အအုံများ ဆောက်လုပ်ရာမှာလည်း အသုံးပြုနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ ဂဝံမြေကို မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်းတို့မှာ အများဆုံးတွေ့ရှိရပြီး ရန်ကုန်တိုင်း၊ သန်လျင်နဲ့ ကျောက်တန်းမြို့နယ်၊ ထားမလုံ၊ ပါဒကြီးတို့မှာ ထင်ရှားတဲ့ ဂဝံမြေတွေ ဖြစ်ပါတယ်။
မြန်မာအဘိဓာန်မှာ ဂဝံကျောက်ကို မြေစေးနဲ့သံချေးရောသောကျောက်လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပြီး ဂဝံကို ပူအိုက်စွတ်စိုသော သမပိုင်းဒေသတွေမှာ တွေ့နိုင်တယ်လို့ သိရပါတယ်။
တင့်လွင်