အုန်းချော ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် အကောက်ခွန်မဲ့ လက်ကိုင်ဖုန်းများ သိမ်းဆည်းရမိ
DVB
·
January 4, 2020
ပုသိမ်ကြီးမြို့နယ်၊ အုန်းချောနယ်မြေ ၁၆ မိုင် စစ်ဆေးရေးစခန်းမှာ ဇန်နဝါရီ ၃ ရက်နေ့ မနက်ပိုင်းက တရားမဝင် အကောက်ခွန်မဲ့သယ်ဆောင်လာတဲ့ လက်ကိုင်ဖုန်းမျိုးစုံနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အုန်းချောနယ်မြေရဲစခန်းကနေ သိရပါတယ်။
မန္တလေး-ပြင်ဦးလွင်ကားလမ်း မိုင်တိုင်အမှတ်(၁၉/၅) မှာ တိုရိုတာ ယာဉ် ၂ စီးကို မသင်္ကာတဲ့အတွက် စစ်ဆေးမေးမြန်းတဲ့အခါမှာ ယာဉ်မောင်းတွေက အေးခဲအသားတွေကို မူဆယ်မြို့ကနေ တင်ဆောင်လာတာလို့ ပြောတာကြောင့် ၁၆ မိုင်စစ်ဆေးရေးဂိတ်ကို ခေါ်ဆောင်ပြီး ရှာဖွေစစ်ဆေးခဲ့ရာက ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
ယာဉ်နှစ်စီးကို ဖွင့်ဖောက်စစ်ဆေးတဲ့အခါ အေးခဲအသားတွေအောက်မှာ ဂျပ်ဖာတွေနဲ့ ဝှက်ပြီး သယ်ဆောင်လာတဲ့ (Red Mi, Mi Note, Mi Max, Xiaomi, Oppo, True One,Hello,Nokia,Samsung,Iphone) Memory Stick နှင့် SD Card စတဲ့အကောက်ခွန်မဲ့ ဖုန်းအသစ်/အဟောင်းမျိုးစုံ နဲ့ ဆက်စပ်ပစ္စည်းတွေကို တွေ့ရှိခဲ့တာပါ။
လက်ကိုင်ဖုန်း ၄၄၈၂ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေကို တရားမဝင် အကောက်ခွန်မဲ့ သယ်ဆောင်လာတဲ့ ယာဉ်မောင်း ၂ ဦးအား အုန်းချောနယ်မြေရဲစခန်းမှာ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ထိန်ထိန်လင်း