မြန်မာ့အသွင်ကူးပြောင်းရေး ဆက်လက်ထောက်ခံအားပေးမည်ဟု အမေရိကန်ပြော
DVB
·
January 4, 2020
မြန်မာနိုင်ငံရဲ့ ဒီမိုကရက်တစ် အပြောင်းအလဲ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စီးပွားရေး အသွင်ကူးပြောင်းရေးတို့မှာ ဆက်ပြီးထောက်ခံအားပေးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးနေ့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ရုံးကနေ ဝန်ကြီးပွန်ပဲယိုးရဲ့ ကြေညာချက်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဆက်လက်ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရက်တစ်အပြောင်းအလဲ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ စီးပွားရေးအသွင်ကူးပြောင်းရေးတို့ကို ထောက်ခံအားပေးပြီး မြန်မာ ပြည်သူတွေနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်သွားဖို့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကလိုပဲ အမေရိကန်ပြည်ထောင်စုက ဆက်လက် သန္နိဋ္ဌာန်ချထားတယ်လို့ ဆိုပါတယ်။
ပြည်သူအားလုံးရဲ့ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေကို လေးစားတန်ဖိုးထားပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီမိုကရေစီစနစ်ထွန်းကားတဲ့၊ သာယာဝပြောတဲ့ မြန်မာနိုင်ငံအဖြစ် အောင်မြင်နိုင်ရေး အကူအညီပေးဖို့ အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူငယ်တွေနဲ့အတူ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
လာမယ့်နှစ်မှာ မြန်မာပြည်သူပြည်သားတွေအားလုံး ငြိမ်းချမ်းသာယာဝပြောပါစေလို့ ဇန်နဝါရီ ၄ ရက်မှာကျရောက်တဲ့ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနေ့ အခါသမယမှာ အမေရိကန်ပြည်ထောင်စု အစိုးရရဲ့ ကိုယ်စား ဆုတောင်းမေတ္တာ ပို့သတယ်လို့လည်း ဝန်ကြီး ပွန်ပဲယိုးက ဆိုပါတယ်။