ကုန်ကြမ်းရှားပါးမှုကြောင့် စစ်ကိုင်းမြေအိုးလုပ်ငန်း ပျောက်ကွယ်လုနီး ဖြစ်နေ
DVB
·
January 4, 2020
ကုန်ကြမ်းရှားပါးမှုကြောင့် စစ်ကိုင်းမြို့မှာ ပြုလုပ်တဲ့ စစ်ကိုင်းမြေအိုးလုပ်ငန်းတွေ ပျောက်ကွယ်လုနီးပါးဖြစ်နေတယ်လို့ အိုးလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
ယခင်က စစ်ကိုင်းမြို့၊ အိုးဘိုရပ်ကွက် တခုလုံးနီးပါး မြေအိုးလုပ်ငန်းကို နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ကြတာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်နီးပါးကစလို့ မြေသားကုန်ကြမ်းရှားပါးလာတာကြောင့် အိုးလုပ်ငန်းတွေ ရပ်ဆိုင်းကုန်ကြတာလို့ သိရပါတယ်။
အိုးဘိုရပ်ကွက်မှာ အိုးလုပ်ငန်းလုပ်ကိုင်နေတဲ့ မသင်းထွေးက "နောက်လူတွေကလည်း သိပ်ပြီးမလုပ်တတ်ဘူးလေ၊ ကုန်ကြမ်းက ဝယ်ရတာ ဟိုတုန်းကလောက်တော့ ဝယ်ရတာ မပေါတော့ သိပ်ပြီး လုပ်မယ့်သူလည်း မရှိဘူးလေ။ နောက်ပြီး အရင်းထုတ်ရတာလည်း မလွယ်ဘူး၊ ပွဲစားတွေဆီက နှစ်သိန်းလောက်တောင်းလိုက်ရင် ကုန်ကြမ်းဝယ်လိုက်တာနဲ့ မရှိတော့ဘူး၊ ကိုယ့်အတွက်လည်း သိပ်မကျန်တော့ကျ လုပ်မယ့်သူက နည်းတယ်။ နောက်တက်လုပ်မယ့်သူကလည်း သိပ်မလုပ်တတ်တော့ကျတော့ မလုပ်တာပေါ့။ မြေနီနဲ့ မြေနက်နဲ့ပေါ့၊ မြေနီကကျတော့ ဟိုတုန်းကကျတော့ ခိုတောင်၊ ချောင်းပေါက်က ဝယ်ရတာ မင်းကွန်းနားလေးက၊ ခုကျ အဲ့ဘက်က သိပ်မရှိတော့ဘူးဆိုတော့၊ ဘယ်နားမှာကောင်းတုန်းဆိုတာ လိုက်ရှာရတော့ကျတော့ လုပ်မယ့်သူကလည်း မရှိတာလေ"လို့ ပြောပါတယ်။
မြေအိုးလုပ်ဖို့ ကုန်ကြမ်းဟာ အမှိုက်နဲ့ သဲကြမ်းတွေ မပါဖို့ လိုအပ်တယ်လို့ သိရပါတယ်။ မသန့်ရှင်းတဲ့ ကုန်ကြမ်းနဲ့ လုပ်ပါက မြေအိုးစိမ်း တစ်ထောင်ကို မီးဖုတ်ရင် တဝက်လောက်သာ အကောင်းအတိုင်းပြန်ရတယ်လို့ သိရပါတယ်။
စစ်ကိုင်းအိုးဟာ မြေနီ၊ မြေနက်နဲ့ သဲကို အခြေခံပြီး ပြုလုပ်တဲ့အတွက် ကြာရှည်အေးမြတာကြောင့် စစ်ကိုင်းအိုးအဖြစ် လူအများက ကြိုက်နှစ်သက်ကြတာပါ။
အခုအချိန်မှာတော့ အိုးဘိုရပ်ကွက်တခုလုံးမှာ မြေအိုးလုပ်ငန်းလုပ်ကိုင်သူ နှစ်ဆယ်လောက်သာ ရှိတော့တယ်လို့ သိရပါတယ်။
ထိန်ထိန်လင်း