ကွတ်ခိုင်တွင် စိတ်ကြွဆေးပြား ၄ သိန်းကျော်နှင့် အိုက်စ်မူးယစ်ဆေးများ ဖမ်းမိ
DVB
·
January 4, 2020
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်မှာ မနေ့က စိတ်ကြွဆေးပြား ၄ သိန်းကျော်နဲ့ အိုက်စ်မူးယစ်ဆေးတွေ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲလောက်က ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအုပ်စု၊ လွယ်ခန်ကျေးရွာနေ အားတီ (ခ) ချိန်ယုံစိမ်း နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၁၆၀၀၀ ပြားနှင့် အိုက်စ် ၈ ကီလို ဖမ်းဆီးမိခဲ့တာပါ။
ဒါ့အပြင် စိတ်ကြွရူးသွပ်ဆေးပြားရိုက်နှိပ်ရာမှာ အသုံးပြုတဲ့ WY တံဆိပ်ပါ သံမို ၂၀ စုံ၊ 88/1 တံဆိပ်ပါ သံမို ၂၀ စုံနဲ့ လက်ကိုင်ဖုန်း တလုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။
အားတီ(ခ) ချိန်ယုံစိမ်းအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေး ဝါးများဆိုင်ရာ ဉပဒေအရ စစ်ဆေးအရေးယူနေတယ်လို့ သိရပါတယ်။