Homeမြန်မာသတင်း
ယာဉ်စီးခပိုတောင်းပြီး ခရီးသည်အားထိုးကြိတ်ခဲ့သည့် ယာဉ်နောက်လိုက်နှင့်ဒရိုင်ဘာကို အရေးယူ
ယာဉ်စီးခပိုတောင်းပြီး ခရီးသည်အားထိုးကြိတ်ခဲ့သည့် ယာဉ်နောက်လိုက်နှင့်ဒရိုင်ဘာကို အရေးယူ
DVB
·
January 4, 2020
ညောင်လေးပင်-ရန်ကုန်ကို နေ့စဉ်ပြေးဆွဲနေတဲ့ မိုးမခခရီးသည်တင်ယာဉ် မီနီဘတ်စ်ယာဉ် တစီးက ယာဉ်စီးခ ပိုတောင်းတဲ့အပြင် ခရီးသည်ကို ကိုယ်ထိလက်ရောက် ပြုမူတာကြောင့် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့အား အရေးယူထားတယ်လို့ မြို့နယ်ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ (ယကက) က ပြောပါတယ်။
ဇန်နဝါရီ ၁ ရက်နေ့ ညနေ ၆ နာရီလောက်က ရန်ကုန်သမိုင်းလမ်းဆုံကနေ ညောင်လေးပင်မြို့ကို ယာဉ်မောင်းဟန်ဝင်းနိုင်နဲ့ ယာဉ်နောက်လိုက် ရန်နိုင်ထွန်းတို့ နှစ်ဦး မောင်းနှင်လာခဲ့တာဖြစ်ပါတယ်။
ပဲခူးမြို့အရောက် ၁၀ မိနစ်လောက် ကားကို ရပ်နားပြီး ယာဉ်နောက်လိုက် ရန်နိုင်ထွန်းက ပဲခူးမြို့ကနေ ညောင်လေးပင် သွားမယ့် ခရီးသည်ထံက သတ်မှတ်နှုန်းထား ၁၅၀၀ ထက် ၅၀၀ ပိုတောင်းပြီး ခရီးသည်က စျေးနှုန်းများနေတယ်လို့ ပြောဆိုတာကြောင့် ခေါင်းကိုထိုးခဲ့တာလို့ မြို့နယ်ယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးက ပြောပါတယ်။
အထိုးခံရတဲ့ခရီးသည်က ဇန်နဝါရီ ၁ ရက်ည ၉ နာရီခွဲမှာ ညောင်လေးပင်မြို့မရဲစခန်းကို တိုင်ကြားတာလို့ ဆိုပါတယ်။
"ပဲခူးမှာ ကားကို ဆယ်မိနစ်ကျော်ရပ်ပြီး ဘီယာဆင်းသောက်တယ်၊ မူးလာတော့ ခရီးသည်ထံက ပိုက်ဆံပိုတောင်းတယ်၊ ပိုက်ဆံလည်း ပိုယူတဲ့အပြင် ပြန်ပြောတော့ ထိုးတယ်၊ ကားပေါ်က ဆွဲချဖို့လုပ်တယ်၊ ယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တဦးတားလို့ ရပ်သွားတာ။"
မြို့နယ်ယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီက ယာဉ်နောက်လိုက်နဲ့ ဒရိုင်ဘာကို ယကက ဥပဒေအရ ယာဉ်လိုက်ခွင့်နဲ့ ယာဉ်မောင်းခွင့် ၁၅ ရက် ပိတ်သိမ်းထားတယ်လို့ ဦးအောင်စိုးမိုးက ပြောပါတယ်။
ညောင်လေးပင်- ရန်ကုန်ပြေးဆွဲနေတဲ့ ယာဉ်တွေဟာ မိုးမခနဲ့ အမှတ် ၅ ယာဉ်လိုင်းတွေဖြစ်ပြီး နေ့စဉ် အစီး ၄၀ ကျော် ပြေးဆွဲနေတယ်လို့ သိရပါတယ်။
နေလင်းထိုက်