အင်းလေးကန်အတွင်း စည်းကမ်းမဲ့ ကျွန်းမျောစိုက်ခင်းများကို အရေးယူရန် ကွင်းဆင်းစစ်ဆေး
DVB
·
January 4, 2020
အင်းလေးကန်အတွင်း စီးပွားဖြစ် စည်းကမ်းမဲ့ ကျွန်းမျောကျူးကျော်စိုက်ခင်းတွေကို အရေးယူနိုင်ဖို့ ညောင်ရွှေမြို့နယ် အင်းလေးရေခြံ တိုးချဲ့ထိန်သိမ်းရေးကော်မတီ အဖွဲ့က ဇန်နဝါရီ ၂ ရက်နေ့မှာ ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။
အင်းလေးကန်အတွင်း ရေခြံကျွန်းမျော တိုးချဲ့စိုက်ပျိုးသူများလာတဲ့အတွက် အင်းလေးကန်တိမ်ကောပြီး ကျဉ်းမြောင်းလာတာကို ဖြစ်စေခဲ့တယ်လို့ အင်းလေးကန်တိရစ္ဆာန်တောရိုင်းဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းက ပြောပါတယ်။
ကျူးကျော်သူတွေဟာ အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်စရာမရှိတဲ့ သူတွေရှိသလို စီပွားရေးလုပ်းရှင်တွေ လုပ်ငန်းချဲ့ထွင်တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ တိုးချဲ့လုပ်ကိုင်လာတာကြောင့် ဒေသခံစိုက်ပျိုးရေးသမားလည်း အတုခိုးပြီး ကျူးကျော်နေကြတာလို့ မင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသာအောင်က ပြောပါတယ်။
စည်းကမ်းမဲ့ကျူးကျော်မှုကို အရေးယူပြီး အမှန်တကယ် လုပ်ကိုင်စားသောက်ဖို့ မရှိတဲ့သူတွေကို နေရာ ဖန်တီးပေးဖို့ ရေခြံတိုးချဲ့လုပ်ကိုင်သူ ဦးဝင်းမောင်က ပြောပါတယ်။
ဒီလိုကျူးကျော်နေမှုကို ခေါ်ပြီးသတိပေးနဲ့ အရေးယူမှုပြုလုပ်မှာဖြစ်ပြီး လိုက်နာမှုမရှိပါက တရားစွဲတဲ့အထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ကျွန်းမျောကျူးကျော်တဲ့နေရာမှာ အင်းလေးအရှေ့ပိုင်း၊ အနောက်ပိုင်းတောင်ပိုင်းတွေ တကျောလုံး ရှိနေပါတယ်။
ဒီကွင်းဆင်းစစ်ဆေးရာမှာ အင်းလေးရေခြံ တိုးချဲ့ထိန်သိမ်းရေးကော်မတီအဖွဲ့က ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နဲ့ဌာနပေါင်းစုံပါဝင်တဲ့ အဖွဲ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။
ကွင်းဆင်းစစ်ဆေးမှုကို တပတ်တကြိမ် သုံးပတ်ဆက်တိုက် စစ်ဆေးပြီး ကန်နယ်နိမိတ်တိုင်စိုက်ထူပြီး လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ရေခြံကျွန်းမျောကျူးကျော်တိုးချဲ့လုပ်ကိုင်တဲ့သူတွေကို ၂၀၁၇ ခုနှစ်က တကြိမ်ကွင်းဆင်းစစ်ဆေးပြီး ၂၀၁၈ ခုနှစ်က ခေါ်ယူသတိပေးကာ ခံဝန်ကတိထိုးထားပေမဲ့ အခုလက်ရှိမှာ ထပ်မံတိုးချဲ့လုပ်ကိုင်သူတွေ များပြားနေဆဲဖြစ်ပါတယ်။
ခွန်ရာဇာ