Home
မေးမြန်းခန်း
အစိုးရနဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တို့ နိုင်ငံရေးဆွေးနွေးပွဲအတွက် အကြိုညှိနှိုင်းမယ်
အေးနိုင်
·
February 15, 2013
တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့ဖြစ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)နဲ့ အစိုးရအကြား အကြိုညှိနှိုင်းပွဲတွေ လာမယ့် ၁၉ ရက်နေ့ဝန်းကျင် ထိုင်းနိုင်ငံမှာ စတင်မယ်လို့ ယူအန်အက်ဖ်စီ တွဲဖက်အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။ အစိုးရဘက်က ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ကို မေးမြန်းကြည့်တော့ ယူအန်အက်ဖ်စီနဲ့ အစိုးရ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ ၁၉ ရက်နေ့လောက် စတော့မယ်လို့ ပြောပါတယ်။ ယူအန်အက်ဖ်စီကလည်း ဘာတွေပိုသိနိုင်မလဲလို့ ပြောပြပါ။ [caption id="attachment_36478" align="alignright" width="150" caption="ဗိုလ်မှူးကြီးခွန်ဥက္ကာ"][/caption] “ဟုတ်ပါတယ်၊ သူတို့ပြောတာ မှန်ပါတယ်။ ကျနော်တို့ နှစ်ဘက်ကမ်းလှမ်းနေတာ ကြာပါပြီ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ လိုတယ်။ ဒါကြောင့်နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေ လိုအပ်တယ်။ ဒီ အပစ်အခတ်ရပ်စဲရေးလောက်နဲ့ ရပ်နားထားလို့ မသင့်တော်ဘူး။ ဒါကို ကျနော်တို့က တောင်းဆိုတယ်။ တနှစ်ခွဲလောက်ကြာတော့မှ အခု ပြည်ထောင်စုအစိုးရက နိုင်ငံရေးအရ တွေ့ဆုံဖို့ လက်ခံလာတာဖြစ်တယ်”။ “နောက်တချက်ကလည်း နိုင်ငံရေးအရ တွေ့ဆုံဖို့ လက်ခံတဲ့နေရာမှာ အပစ်အခတ်ရပ်စဲရေးတုန်းကလို တဖွဲ့ချင်းစီ မလုပ်ဘဲနဲ့ ယူအန်အက်ဖ်စီနဲ့ တပေါင်းတစည်းတည်း တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ အချက်ကိုလည်း သူတို့ အရေးကြီးတဲ့ ဒုတိယအချက်အနေနဲ့ လက်ခံတယ်။ ဒါကြောင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမယ်။ ယူအန်အက်ဖ်စီနဲ့ တပေါင်းတစည်းတည်းဆွေးနွေးမယ်။ အဲဒီနှစ်ချက် သဘောတူပြီးတဲ့နောက်မှာ ကချင်အရေးက ပေါ်လာတဲ့အခါကျတော့ ကချင်အရေးကို အရင် စစ်အရှိန် လျှော့ပေးပါပေါ့။ တိုက်ပွဲတွေရပ်နိုင်ရင်ရပ်၊ မရပ်နိုင်ရင် လျှော့၊ နည်းနည်းခွာ၊ နည်းနည်းလေး လူသားချင်းစာနာတဲ့ အထောက်အကူတွေပေးနိုင်အောင် နည်းနည်းဟပေးပေါ့ဗျာ။ အဲဒါတွေ တောင်းရင်းနဲ့ ကျနော်တို့က နိုင်ငံရေးဆွေးနွေးပွဲ သဘောတူထားသော်လည်းပဲ မဆွေးနွေးဖြစ်ဘူးပေါ့။ အခုကျတော့ ကချင်အရေးကလည်း တစုံတရာ နည်းနည်းငြိမ်သွားတဲ့အခါကျတော့ ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြန်စဖို့ အစပျိုးဖို့ အခု ခေါ်တာပေါ့။ ခေါ်တဲ့အခါ နိုင်ငံရေးဆွေးနွေးပွဲတွေ အစပျိုးဖို့ ဆိုတဲ့အခါကျတော့ နိုင်ငံရေး ဆွေးနွေးပွဲဆိုတဲ့အရာက ပြင်ဆင်မှုအကြိမ်ကြိမ် လုပ်ရမယ့်ကိစ္စဖြစ်တာပေါ့။ ဒါကြောင့် ပြင်ဆင်မှုတွေ လုပ်ဖို့အတွက် အကြိုညှိနှိုင်းပွဲတွေကို မကြာခင်စနိုင်မယ်လို့ ယူဆတယ်။” အဲဒီတော့ ယူအန်အက်ဖ်စီအနေနဲ့ အခု ဘာတွေပြင်ဆင်ထားပါသလဲ။ ဆွေးနွေးဖို့ ကော်မတီဖွဲ့ထားပြီးပြီလား။ “ကော်မတီက တနှစ်ခွဲလောက်ရှိပြီ ဖွဲ့ထားတာ။ ၂၀၁၁ ခုနှစ် သမ္မတကြီးရုံးက ငြိမ်းချမ်းရေးခေါ်တဲ့ ကြေညာချက်ထွက်ပြီးတဲ့နောက်မှာ ကျနော်တို့ဖွဲ့ထားတာ။ ကြာပြီ။ ဆွေးနွေးခွင့် အခုမှကြုံမှာ။ ၇ ဦးပါ ကိုယ်စားလှယ်အဖွဲ့ရှိပါတယ်။” အကြိုညှိနှိုင်းပွဲကို ဘယ်မှာကျင်းပမလဲ။ “၁၉ ရက်နောက်ပိုင်းပေါ့။ ထိုင်းနိုင်ငံမှာ ဖြစ်ဖို့များပါတယ်။” ယူအန်အက်ဖ်စီက ကိုင်စွဲထားတဲ့ မူ ၆ ချက်နဲ့ အစိုးရဘက်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကိုင်စွဲထားတဲ့အချက်တွေကို ဒီအကြိုညှိနှိုင်းပွဲမှာ ညှိကြမှာလား။ “အဲဒီ issue အကြီးလောက်ထိ မရောက်သေးဘူးထင်တယ်။ အကြိုညှိနှိုင်းပွဲမှာ လိုအပ်မှာက frame work တို့။ Time frame တို့။ Technical support တို့ အဲဒီလောက်ပဲလိုမယ်။” ဂျပန် နီပွန်ဖောင်ဒေးရှင်းက ဘယ်အခန်းကဏ္ဍက ပါမလဲ။ “သူလည်းပဲ နှစ်ဘက်စလုံးက သဘောတူတာကတော့ လေ့လာသူအဆင့်မှာ ပါဖို့ သဘောတူပါတယ်။ ဒါပေမယ့် ဟိုက အားလို့ တွေ့မယ်အချိန် သူတို့ဥက္ကဋ္ဌ အား၊ မအားပေါ့။ အချိန်တော့ နည်းနည်းညှိရမယ်။ လေ့လာသူကတော့ အချိန်ရရင်ပါပေါ့ဗျာ။ သို့သော် ကျနော်တို့ အကြိုညှိနှိုင်းပွဲဆိုတော့ ဒီလိုပဲ အဆင့်လိုက်အဆင့်လိုက် ညှိနှိုင်းဖို့ လိုပါတယ်။ တကယ့်နိုင်ငံရေးဆွေးနွေးပွဲအဆင့် လူသိရှင်ကြား တရားဝင်ဆွေးနွေးတော့မယ်ဆိုရင်တော့ တော်တော်များများ observer လေ့လာသူတွေ မီဒီရေတာ (ကြားဝင်ဖျန်ဖြေစေ့စပ်ပေးသူ) တွေ လိုလာလိမ့်မယ်ဗျ။ အဲဒီအဆင့်ထိရောက်ဖို့တော့ ညှိနှိုင်းပြီးတော့ ဘယ်သူတွေ ပါသင့်လဲဆိုတာ  အဲဒါ ကျနော်တို့ ဆွေးနွေးရမှာဖြစ်ပါတယ်။” ပြီးခဲ့တဲ့လပိုင်းက အမျိုးသားလွှတ်တော်မှာ ကချင်အမတ် ဦးခက်ထိန်နန်က ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ နှစ်ဘက်က လေးစားကြည်ညိုတဲ့သူတွေ အဖွဲ့တွေ ပါဖို့လိုတယ်လို့ ပြောတယ်။ ပြည်ထောင်စုနေ့ကတော့ ဒေါ်စုက ငြိမ်းချမ်းရေး ကိစ္စမှာ ကြားဝင်ဆောင်ရွက်ချင်ပါတယ်လို့ ပြောတယ်။ သက်ဆိုင်ရာအဖွဲ့တွေက မကမ်းလှမ်းဘူးလို့ ပြောတယ်။ အဲဒီတော့ ယူအန်အက်ဖ်စီကရော ဒေါ်စုရဲ့အခန်းကဏ္ဍကို ဘယ်လိုမြင်ပါသလဲ။ “ကျနော်တို့ အဲဒါ ဆွေးနွေးနေတုန်းခင်ဗျ။ ဘယ်သူတွေ ပါသင့်သလဲ ဆွေးနွေးနေတုန်းပဲ။” ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည်ကို ကြားဝင်ဖျန်ဖြေစေ့စပ်သူအဖြစ် လက်ခံဖို့ ယူအန်အက်ဖ်စီက အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့ သဘောလားခင်ဗျ။ “အဆင်သင့်ဖြစ်မဖြစ်တော့ အဲလိုတော့ မဟုတ်ဘူးခင်ဗျ။ ဒါပေမယ့် ကျနော်တို့ အထဲမှာ နည်းနည်းညှိနှိုင်းနေကြတာပေါ့။ ဖြစ်ရင်လည်းဖြစ်မှာပေါ့။ ဒါပေမယ့် အခု အကြိုညှိနှိုင်းမှာလောက်ကတော့ ပါဖို့ မလိုသေးပါဘူး။ တကယ့်နိုင်ငံရေးဆွေးနွေးပွဲ လူသိရှင်ကြား တရားဝင်စပြီဆိုရင်တော့ အဲဒီမှာတော့ သူက ပါရမှာပေါ့။ အဲသလိုရှိပါတယ်။ အဲဒါကြောင့် ကျနော်တို့က အခု အကြိုညှိနှိုင်းပွဲမှာ အဲဒါပေါ့ ဘယ်သူတွေက လေ့လာသူလဲ၊ ဘယ်သူက ကြားဝင်စေ့စပ်သူလဲ၊ ကျနော်တို့ဘက်က ပြောလို့ ဟိုဘက်က သဘောတူရမယ်။ ဟိုဘက်က ပြောလို့ ကျနော်တို့ဘက်က သဘောတူရမယ်။ နှစ်ဘက် သဘောတူပြီးတဲ့ လူတွေမှ တရားဝင် ၀င်ထိုင်လို့ရမှာကိုး။ အဲသလိုဖြစ်တော့ အဲသလိုညှိဖို့ အခုလို စတွေ့တာပါ။ အဲဒါပါ၊ အကြီးကြီးမဟုတ်သေးပါဘူး။” ပြည်ထောင်စုနေ့မှာ မြန်မာပြည်နှစ်ပေါင်း ၆၀ သမိုင်းမှာ မျက်နှာချင်းမဆိုင်တဲ့ တိုင်းရင်းသားအဖွဲ့တွေက အစိုးရနဲ့ ပြည်ထောင်စုနေ့ ပွဲတက်တယ်။ ညစာစားပွဲတက်ကြတယ် ဆိုတော့ ဒီဖြစ်ထွန်းမှုအပေါ် ယူအန်အက်ဖ်စီရဲ့ သဘောထားပြောပြပါ။ “ကျနော်တို့ သဘောထားကတော့ ဒီလိုစုစည်းမှုရတယ်။ ဆုံဆည်းမှုရတယ်ဆိုတာ ကောင်းတဲ့လက္ခဏာပါပဲ။ အဲဒီပေါ်မှာ ပြည်ထောင်စုနေ့ကို အကြောင်းပြုပြီးတော့ သမ္မတကြီးက အမြင်ကျယ်ကျယ်နဲ့ သဘောထားကြီးကြီးနဲ့ ညစာစားပွဲနဲ့ ဧည့်ခံတယ်ဆိုတာ ကောင်းပါတယ်။ သို့သော် အဲသလို ရုပ်သဘောဆောင်တဲ့၊ အခမ်းအနားသဘောဆောင်တဲ့ ကိစ္စတွေနဲ့စာရင် အနှစ်သာရဖြစ်တဲ့ တိုင်းရင်းသားတွေရဲ့ ပြောဆိုဆွေးနွေးချင်တဲ့ နိုင်ငံရေးကိစ္စတွေ၊ အမျိုးသားတန်းတူရေးကိစ္စတွေ၊ တိုင်းပြည်ကိုလည်း ဖက်ဒရယ်စနစ်နဲ့ တည်ဆောက်မယ်ဆိုတဲ့ကိစ္စတွေ၊ အဲဒီပေါ်မှာလည်းပဲ အလားတူ သဘောထားကြီးကြီး အမြင်ကျယ်ကျယ်နဲ့ တွေ့ဆုံဆွေးနွေးနိုင်မယ်ဆိုရင်တော့ ကျနော်တို့ အခမ်းအနားလုပ်တာထက်တော့ ပိုကောင်းတဲ့ ရလဒ်တွေ ထွက်မယ်လို့တော့ ပိုမျှော်လင့်တာပေါ့။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024