NLD မြို့နယ်အလုပ်အမှုဆောင်တဦး လောင်းကစားမှုဖြင့် ဖမ်းဆီးခံရ
DVB
·
January 4, 2020
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မြို့နယ်အလုပ်အမှုဆောင်တဦး ဘောလုံးလောင်းကစားမှုနဲ့ ဖမ်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ခရိုင်ရဲတပ်ဖွဲ့ မှုခင်းကျဆင်းရေးဌာနက ဝက်လက်မြို့အမှတ် ၂ ရပ် လဘက်ရည်ဆိုင်တဆိုင်အတွင်း သတင်းအရဝင်ရောက်ရှာဖွေရာမှာ လက်ဖက်ရည်သောက်လာသူ ဦးကျော်ထွန်းဆီက ဘောလုံးလောင်းကစားပြုလုပ်ရာမှာ အသုံးပြုတဲ့ပစ္စည်းတွေနဲ့တွေ့လို့ ဖမ်းဆီးခဲ့တာလို့ မြို့မစခန်းမှူး ဒုရဲမှူးကျော်ကျော်မိုးက ပြောပါတယ်။
ဝက်လက်မြို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးစိုးသန့်က “မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ထွန်းဟုတ်ပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့ က အဖမ်းခံရတာပါ။ ဘောလုံးလောင်းကစားမှုနဲ့ လို့ သိရတယ်။ ဒီလိုလောင်းကစားတွေကို ၂၀၂၀ နှစ်စမှာ စံပြအနေနဲ့ စတင်ဖမ်းဆီးတယ်ဆိုတော့ ကောင်းပါတယ်။ ဘယ်ပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ် ဥပဒေအတိုင်းလုပ်ဖို့တော့ လိုတာပေါ့။ မြို့ပေါ်မှာက လောင်းကစားရောင်းသူတွေ အများကြီးပဲ” လို့ ပြောပါတယ်။
ဦးကျော်ထွန်းကို (ပ)၃/၂၀၂၀၊ ၁၈(က)၊ ၁၉(က) လောင်းကစား ပြုလုပ်မှု၊ လောင်းကစားပစ္စည်းလက်ဝယ်တွေ့ရှိမှုတို့နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။
အောင်စံလင်း