တရုတ်နှစ်သစ်ကူးနီးလာသဖြင့် မိုးညှင်း တနိုင်တပိုင်ပေါက်ပေါက်လုပ်ငန်းများ အဆင်ပြေ
DVB
·
January 3, 2020
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ အရှေ့စုရပ်ကွက်မှာ တနိုင်တပိုင် ကောက်ညှင်းပေါက်ပေါက် လုပ်ငန်းတွေ တရုတ်နှစ်သစ်ကူးနီးလာတဲ့အတွက် အဆင်ပြေလာကြတယ်လို့ ပေါက်ပေါက်လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
ပေါက်ပေါက်လုပ်ငန်းလုပ်ကိုင်သူ မကြူက “ပေါက်ပေါက်လုပ်တာက အဆင်ပြေပါတယ်။ ရာသီဥတုက တအားအေးတော့ ကောက်ညှင်းပေါင်းကခြောက်ဖို့ တအားကြာတယ်။ မှာတဲ့သူတွေက မရသေးဘူးလားလို့ ခဏခဏ ဖုန်းဆက်တယ်” လို့ ပြောပါတယ်။
ပေါက်ပေါက်ပွင့်ကို စီးပွားရေးလုပ်သူတွေက စီးပွားပေါက်မြှောက်လာစေဖို့ ရည်ရွယ်ပြီး ဘုရားမှာ ကပ်လှူပူဇော်ကြတယ်။ ရှမ်းနဲ့မြန်မာလူမျိုးတွေက အလှူ၊ မင်္ဂလာ၊ ဘာသာရေးပွဲတွေမှာ အသုံးပြုပြီး တရုတ်လူမျိုးတွေကလည်း နှစ်သစ်ကူးပွဲတော်မှာ မပါမဖြစ် ပေါက်ပေါက်ကို နွားနို့ နဲ့ ဖျော်သောက်ကြပါတယ်။ ပေါက်ပေါက်ကို ထန်းလျက်နဲ့နယ်ပြီး ပေါက်ပေါက်ဆုပ်ပြုလုပ်တာ ပေါက်ပေါက် မရွေးမုန့်ပြုလုပ်စားသုံးကြပါတယ်။
ပေါက်ပေါက်ပွင့်ကို ကောက်ညှင်းစပါးနဲ့လုပ်တဲ့ ပေါက်ပေါက်၊ ပြောင်းဖူးပေါက်ပေါက်၊ ကောက်ညှင်းဆန်နဲ့လုပ်တဲ့ ပေါက်ပေါက်ဆိုပြီး အမျိုးမျိုးရှိတဲ့အနက် အခုတရုတ်နှစ်သစ်ကူးချိန် လုပ်တဲ့ ပေါက်ပေါက်ကိုတော့ ကောက်ညှင်းဆန်ကိုပေါင်းပြီး အခြောက်လှမ်းကာ မီးနဲ့ပြန်လှော်တဲ့ ပေါက်ပေါက်ဖြစ်ပါတယ်။
အရင်နှစ်က ကောက်ညှင်းဆန်တစ်အိတ်ကို ၃၂၀၀၀ ကျပ်သာပေးရပေမယ့် အခုနှစ်မှာ ကောက်ညှင်းဆန်တစ်အိတ်ကို ၄၆၀၀၀ ကျပ်အထိ ဝယ်ရတဲ့အတွက် အရင်ကပေါက်ပေါက်တစ်ပြည် ကို ၈၀၀ ကျပ်ရောင်းနိုင်ပေမဲ့ အခုနှစ်မှာ တစ်ပြည်ကို ၁၂၀၀ ကျပ်နဲ့ ရောင်းနိုင်တော့မယ်လို့ ဆိုပါတယ်။
နှစ်သစ်ကူးပေါက်ပေါက်ကို ကောက်ညှင်းဆန်စစ်စစ်၊ ပဲဆီစစ်နဲ့ပြုလုပ်ထားပြီး ဓာတုပစ္စည်း မပါဝင်ကြောင်းသိရပါတယ်။ ပေါက်ပေါက်ကို တရုတ်နှစ်သစ်ကူးမရောက်မီ တစ်လအလိုကနေ စတင်လုပ်ဆောင်ကြပါတယ်။
ကောက်ညှင်းဆန်စျေးမြင့်တက်လာတဲ့အတွက် ပေါက်ပေါက်လုပ်ငန်းလုပ်ကိုင်သူ တစ်ဝက်ခန့် လျှော့နည်းသွားတယ်လို့ ဆိုပါတယ်။
မိုးညှင်းမြို့မှာ အောင်သပြေ၊ အရှေ့စုရပ်ကွက်တွေမှာ အများဆုံးလုပ်ကိုင်ကြပြီး အရင်က ၁၀ ဦးလောက် လုပ်ကိုင်ခဲ့ပေမယ့် အခုနှစ်မှာ ၄ ဦးခန့်သာ လုပ်ကိုင်တော့ကြောင်းသိရပါတယ်။
ပွဲတော်ချိန်တဦးကို ကောက်ညှင်းဆန် ၃၀ မှ ၅၀ တင်းအထိလုပ်ကိုင်ကြပြီး ပေါက်ပေါက်ကို ကချင်ပြည်နယ်ရှိ မြို့တွေအပြင် ဖားကန့်ကျောက်စိမ်းမှော်တွေ၊ မန္တလေး၊ တောင်ကြီးမြို့တို့ကို အများဆုံးတင်ပို့တယ်လို့ သိရပါတယ်။
တောင်ကြီးမှတဆင့် တရုတ်ပြည်ထိဖြန့်ချိကြပြီး တရုတ်နှစ်သစ်ကူးနေ့ကတော့ ဇန်နဝါရီ ၂၅ ရက်နေ့ ကျရောက်မယ်လို့ သိရပါတယ်။
ခင်သန်းညွန့်