ဗစ်တိုးရီးယားနာမည်နှင့် အချက်အလက် ထုတ်ဖော်သူများကို တရားစွဲရန် အမှုအပ်
DVB
·
January 3, 2020
ဗစ်တိုးရီးယားလေးရဲ့ နာမည်နဲ့ မူရင်း အချက်အလက်တွေကို ထုတ်ပြောခဲ့တဲ့သူတွေကို တရားစွဲနိုင်ဖို့ မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း (ILAM) ကို အမှုအပ်နှံလိုက်ပြီလို့ ဗစ်တိုးရီးယားအတွက် အမှန်တရားတောင်းဆိုမှုကော်မတီမှ စာရေးဆရာထင်လင်းဦးက ပြောပါတယ်။
မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများ အသင်းနဲ့ ဇန်နဝါရီ ၂ ရက်နေ့က တွေ့ဆုံပြီး အမှုအပ်ခဲ့တာလို့ သူက အတည်ပြုပြောဆိုပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်းက အမှုစွဲဆိုနိုင်ဖို့ အချက်အလက်တွေ၊ ရုပ်သံဖိုင်တွေ မီဒီယာပေါ်တက်လာတဲ့ အထောက်အထားတွေအပါအဝင် သက်သေပစ္စည်းတွေကို စုဆောင်းနေတယ်လို့ ဗစ်တိုးရီးယားအတွက် အမှန်တရားတောင်းဆိုမှုကော်မတီက သိရပါတယ်။
တရားစွဲဆိုနိုင်ဖို့ကို ပြင်ဆင်နေပြီဖြစ်ကာ အားလပ်ရက်တွေအပြီး ရုံးတွေ ပြန်ဖွင့်ရင် စတင်ဆောင်ရွက်သွားမယ်လို့ စာရေးဆရာထင်လင်းဦးက ပြောပါတယ်။ အခုလိုဆောင်ရွက်တာဟာ တရားဥပဒေအထက်မှာ ဘယ်သူမှမရှိတာကို သေချာအောင် ဆောင်ရွက်တာလို့ ပြောပါတယ်။
နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာ ဗစ်တိုးရီးယားလေး လိင်အကြမ်းဖက်ခံရတာနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ အောင်ကြီးကို ဒီဇင်ဘာ ၁၈ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။
အောင်ကြီးလွတ်မြောက်ပြီး နောက်နေ့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတချို့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာ ဗစ်တိုးရီးယားလေးရဲ့ နာမည်နဲ့ မူရင်းအချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။