မြဝတီ-ကော့ကရိတ်အာရှလမ်းတွင် ယာဉ်တိုက်မှုကြောင့် ၁၈ ဦးသေ၊ ၃၄ ဦး ဒဏ်ရာရ
DVB
·
January 3, 2020
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းခြံကုန်းကွေ့မှာ ဒီကနေ့ မနက် ၁၁ နာရီလောက်က ပရိုဘောက်ကားနဲ့ အလင်းရောင်မိုး ခရီးသည်တင်ကားတို့ တိုက်မှုဖြစ်ပွားခဲ့ပြီး ၁၈ ဦးသေဆုံး၊ ၃၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ယာဉ်နှစ်စီး တိုက်ခဲ့ပြီးနောက် အလင်းရောင်မိုး ခရီးသည်တင်ကားဟာ ချောက်ထဲပြုတ်ကျခဲ့ တာပါ။ ချောက်ထဲပြုတ်ကျတဲ့ အလင်းရောင်မိုး ခရီးသည်တင်ကားက ဒဏ်ရာရရှိသူတွေကို ရဲတပ်ဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်နေကြောင်း သိရပါတယ်။
မြဝတီမြို့နယ်မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က “ဒီနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အထိ လူနာတွေနဲ့ သေဆုံးသူတွေကို ကူညီကယ်ထုတ်နေဆဲ ဖြစ်ပြီး ဒဏ်ရာရှိသူတွေကို မြဝတီခရိုင်ဆေးရုံသို့ ပို့ဆောင်ကုသနေကာ ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ဆဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ပရိုဘောက်ကားပေါ်ပါလာတဲ့ ခရီးသည် ၇ ယောက်လုံး သေဆုံးခဲ့ကာ စုစုပေါင်း သေဆုံးသူ ၁၈ ဦးရှိပြီ ဖြစ်ပြီး ဒဏ်ရာရသူ ၃၄ ဦး မြဝတီခရိုင်ဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ကိုသန့်ဇင်အောင်