သီလ၀ါအထူးစီးပွားရေးဇုန်ဥက္ကဋ္ဌ လယ်သမားများနှင့် ညှိနှိုင်းမည်

1.9K
သီလ၀ါအထူးစီးပွားရေးစီမံကိန်းအတွက် သန်လျင်နဲ့ ကျောက်တန်းမှာရှိတဲ့ ရွာတွေ ဖေဖော်ဝါရီ ၁၄ ရက်နေ့ အပြီးမပြောင်းရွှေ့ပေးရင် အရေးယူမယ်ဆိုတဲ့ အစီအစဉ်ကို လယ်သမားတွေနဲ့ ညှိနှိုင်းပြီး ပြေလည်တဲ့အချိန်ထိ စောင့်ဆိုင်းမယ်လို့ သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားလိုက်ပါတယ်။
သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းအတွက် သန်လျင်နဲ့ ကျောက်တန်းမှာရှိတဲ့ ရွာအများအပြားနဲ့ လက်ရှိလုပ်ကိုင်နေသော လယ်မြေများကို ၁၄ ရက် အတွင်းဖယ်ပေးရန် မဖယ်ပေးပါက ထောင်ဒဏ် ရက် ၃၀ ကျခံရမယ်လို့ သန်လျင်နဲ့ ကျောက်တန်းမြို့နယ် အာဏာပိုင်များက ဇန်န၀ါရီ လ ၃၁ ရက်နေ့မှာ ကြေညာခဲ့တာပါ။
ဂျပန်နိုင်ငံနဲ့ ပူးပေါင်းလုပ်ဆောင်မယ့် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် လိုအပ်မယ့် မြေပမာဏကို အတိအကျ ထုတ်ပြန်ထားခြင်းမရှိသော်လည်း လတ်တလော ရွှေ့ပြောင်းရန် ညွှန်ကြားထားတဲ့ ကျေးရွာနဲ့ လယ်ယာမြေများအရ ဧက ၇,၀၀၀ နီးပါး ရှိမှာလည်း ဖြစ်ပါတယ်။
သန်လျင်မြို့နယ်နဲ့ ကျောက်တန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးများကတဆင့် ရွာတွေကို ပေးပို့ထားတဲ့ စာအရ သန်လျင်မြို့နယ်မှာ ၂,၆၆၅ ဒဿမ ၃၉ ဧကနဲ့ ကျောက်တန်းမြို့နယ်၌ ၄၂၃၃ ဒဿမ ၁၉ ဧကတို့ကို သိမ်းယူမယ်လို့သိရပါတယ်။
အဲဒီဖယ်ရှားပေးရမယ့် ကျေးရွာတွေကတော့ သန်လျင်မြို့နယ်မှာ လက်ယက်စမ်း ကျေးရွာ၊ သီလ၀ါကျေးရွာ၊ အလွမ်းဆွတ်ကျေးရွာ၊ ဘုရားကုန်းကျေးရွာနဲ့ အလွမ်းဆွတ်ကျေးရွာတို့ ကျောက်တန်းမြို့နယ်မှာဆိုရင် သီတာမြိုင်ရပ်ကွက်မှ လယ်သမားတွေက လယ်မြေတွေပေါ်ကသာ ဖယ်ပေးရမှာဖြစ်ပါတယ်။
ကျောက်တန်းနဲ့ သန်လျင်တ၀ိုက် ကျေးရွာတွေက ရွာသူရွာသားတွေ ဘိုးဘွားစဉ်ဆက်လုပ်ကိုင်ခဲ့တဲ့ မြေအများစုမှာ ၁၉၈၃-၁၉၈၄ ခုနှစ်တွေမှာ စက်မှု(၁) မှ လည်းကောင်း၊ ၁၉၉၇-၉၈ ခုနှစ်မှာ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှလည်းကောင်း၊ ၁၉၉၈-၉၉ ခုနှစ်မှာ တာဝန်ကျတပ်များမှလည်းကောင်း အသီးသီးသိမ်းယူပြီးဖြစ်ကာ အဆိုပါမြေများပေါ်တွင် မူလလုပ်ကိုင်နေသူ လယ်သမားများကို သီးစား ပြန်လည်ချထား လုပ်ကိုင်နေစေခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။
အထူးစီးပွားရေးဇုန်များအား Free zoneနဲ့ Promotion zone လို့ ၂ ပိုင်းခွဲခြားသတ်မှတ်ထားပြီး ပြည်ပပို့ကုန်အား အဓိကထား ထုတ်လုပ်မည့် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များအနေနဲ့ Free zoneကနေတဆင့် လွတ်လပ်စွာတင်ပို့ရောင်းချခြင်းများ၊ ကုန်ကြမ်းတင်သွင်းခြင်းများ ပြုလုပ်နိုင်မယ်လို့လည်း သိရပါတယ်။ Read more