Live
Home
မြန်မာသတင်း
ဖာပွန်ခရိုင်အတွင်း ကေအန်ယူနှင့် တပ်မတော်တိုက်ပွဲဖြစ်ပွား၊ ရွာသား ၂ ဦး ဒဏ်ရာရ
DVB
·
January 3, 2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း ကရင်အမျိုးသာအစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဝါသိုးခိုကျေးရွာအနီးမှာ ဇန်နဝါရီလ ၂ ရက်နေ့မနက်ပိုင်းက တပ်မတော်နဲ့ ကေအန်အယ်လ်အေတို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။  တပ်မတော် ခမရ ၄၀၈ က နယ်မြေကျော်လွန်ဝင်ရောက်တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ကေအန်ယူ တပ်မဟာ (၅) ပြောခွင့်ရသူ ဗိုလ်မှူး ကလယ်ဒိုက ပြောပါတယ်။ “ဒုရင်းမှူးနောင်ထွန်း ဦးဆောင်တဲ့ စစ်ကြောင်းကနေပြီးတော့ ဒီကေအန်ယူထိန်းချုပ်နယ်မြေ အတွင်းဖြစ်တဲ့ လေ့ဖိုးထ ကျေးရွာအုပ်စု၊ ဝါသိုးခိုကျေးရွာမှာ မနက် ၇ နာရီအချိန်လောက်မှာ ဝင်သွားပြီးတော့မှ သူတို့သွားတာ ဝါသိုးခိုအလွန်မှာ ကေအန်အယ်အေဘက်က တပ်ရင်း ၁၀၂ တပ်ခွဲ ၃ အဖွဲ့တွေနဲ့ သွားတိုးတယ်။ တိုးပြီးတော့မှ တိုက်ပွဲဖြစ်တယ်။ သတင်းရတာကတော့ သူတို့ဘက်က နေပြီးမှ တယောက်ကျတယ်လို့ သတင်းရရှိတယ်။ သူတို့ အဲဒီနေရာကနေ မဆုတ်ဘဲ ဆက်လက်နေတယ်။ နေတော့ ဝါသိုးခို ရွာသားနှစ်ဦးက မသာပစ္စည်းသွားပို့တာပေါ့။ သွားပို့တာ သူတို့အဖွဲ့တွေနဲ့သွားတိုးတော့ သူတို့က အဲဒီရွာသားနှစ်ဦးကို ထပ်ပြီးတော့ ပစ်တယ်။ ပစ်တော့ ရွာသားနှစ်ဦးစလုံးက ဒဏ်ရာရရှိသွားတယ်။” ကရင်ပြည်နယ်အစိုးရ လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်ကတော့ ကေအန်အယ်လ်အေက အရင်ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။  "သူတို့အဖွဲ့တွေ လူပျောက်တယ်ဆိုပြီး တပ်နေရာယူတဲ့ဆီ လာမေးတယ်။ လာရှာတယ်။ ပြီးတော့ ပစ်ပြီး ပြေးတယ်၊ တပ်က စစ်သည်တွေ ထိတယ်။ တပ်က လိုက်ရှင်းတယ် ဒါပါပဲ။ အခုအခြေအနေက တပ်က စစ်သည်က တပ်မတော်ဆေးရုံ တင်ပို့ထားတယ်။ အရပ်သား ၂ ယောက်က ဘားအံဆေးရုံမှာ ကုသပေးနေပါတယ်။” ဝါသိုးခိုရွာသား စောကျော်ဝါးက “မနေ့က မနက်ပိုင်း ပစ်ကြတယ်။ အခု ရွာသား ၂ ယောက် ဒဏ်ရာရတယ်။ စောဆွေသောင်းရယ်၊ ဦးဇောတိကရယ် ၂ ယောက် ဒီနေ့မနက်အထိ ရွာကို တပ်ဘက်က ဝိုင်းထားတယ်လို့ ကြားသိရတယ်။ ကျောင်းသားတွေနဲ့ ရွာထဲက လူတွေအပြင် မထွက်ရဲကြတော့ဘူး ဖြစ်နေတယ်။ ကျနော်တို့က လူနာနဲ့ ဆေးရုံမှာရောက်နေတော့ ရွာက အခြေအနေကို စိတ်ပူနေတယ်။” လို့ ပြောပါတယ်။ ကေအန်ယူဟာ အစိုးရနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) မှာ လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပြီး အန်စီအေထိုးပြီးကတည်းက အခုချိန်ထိ နယ်မြေကိစ္စနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးနိုင်မှုမရှိသေးတဲ့အတွက် မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဗိုလ်မှူး ကလယ်ဒိုက ပြောပါတယ်။ အခုတိုက်ပွဲဟာ ၂၀၂၀ ပြည့်နှစ်မှာ ကေအန်ယူနဲ့အစိုးရတပ်ကြား ပထမဆုံးဖြစ်တဲ့ တိုက်ပွဲဖြစ်ပါတယ်။ 

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024