Live
Home
Lead Story
မှော်ဝင်သီချင်းသည် တင်ဇာမော်သီချင်းသစ်- ‘ဝေဒနာတွေမပေးနဲ့’(ရုပ်သံ)
DVB
·
January 3, 2020
       “အချစ်ဆုံးအနားနား မင်းရှိတုန်းမှာ… ငါ့ဘဝမှာ ပျော်ရွှင်စရာတွေ အပြည့်… နှောင်ကြိုးများနဲ့ ရစ်ပတ်ခဲ့ပြီးနောက်မှာ… မင်းလေးထားရစ်ခဲ့မှာကို မတွေးခဲ့”        ဒါကတော့ လတ်တလော ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ ဝါရင့်တေးသံရှင် တင်ဇာမော်ရဲ့ သီချင်းသစ်တပုဒ်ထဲက စာသားတွေ ဖြစ်ပါတယ်။        တေးရေး ထျန်ခေးက ရေးဖွဲ့ပေးထားတဲ့ ဒီသီချင်းရဲ့ နာမည်ကိုတော့ ‘ဝေဒနာတွေ မပေးနဲ့’လို့ အမည်ပေးထားခဲ့ပြီး သူ့ရဲ့ နောက်ထပ်ထွက်ရှိလာမယ့် ၈ ချပ်မြောက် တေးအယ်လ်ဘမ်ထဲမှာ ပါဝင်မယ့် သီချင်းတပုဒ်ဖြစ်ပါတယ်။        “အချစ်ဆုံး ဟိုး အဝေးဆုံးကို ထွက်သွားတော့… ငါ့ဘဝမှာ ဒဏ်ရာတွေသာ ကျန်ရစ်ခဲ့… အလွမ်းများရဲ့ နှိပ်စက်ခြင်း ခံနေရပြီး… အိပ်မရပါ… ငါ့ညတွေထဲ” အသက် ၄၃ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အဆိုတော် တင်ဇာမော်ဟာ ၁၉၉၃ ခုနှစ်မှာ ကျင်းပတဲ့ ဦးစောနုသီချင်းဆိုပြိုင်ပွဲကနေတဆင့် ပထမဆုရရှိခဲ့ပြီး ဂီတလောကထဲကို ရောက်ရှိလာခဲ့တာပါ။ ၁၉၉၅ ခုနှစ်မှာတော့ ‘စွဲလန်းမှုပြဿနာ’တကိုယ်တော်တေးအယ်လ်ဘမ် ထွက်ရှိခဲ့ပြီး အဲဒီ နောက်အချိန် ၂ နှစ်အကြာ ၁၉၉၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘ကြင်နာသူ နှစ်ဦး ဆုံနိုင်ရင်’ကတော့ သူ့ကို တင်ဇာမော်လို့ သိသွားစေခဲ့တဲ့ တေးအယ်လ်ဘမ် ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၉ ခုနှစ်မှာတော့ ‘အချစ်ကျောင်းသူ’၊ ထွန်းအိန္ဒြာဗို၊ မဒီတို့နဲ့ အတွဲ ခွေအဖြစ် ထွက်ရှိခဲ့တဲ့ ‘သုံးယောက်စကား’၊ ထွန်းအိန္ဒြာဗိုနဲ့ ၂ ယောက်တွဲ ထွက်ရှိခဲ့တဲ့ ‘မျက်စိမှိတ်ပြီး ချစ်လိုက်ပါ’စတဲ့ တေးအယ်လ်ဘမ်တွေဟာလည်း ထင်ရှားပါတယ်။ အဲဒီနောက်မှာတော့ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘တင်ဇာမော်ရဲ့ တင်ဇာမော်’၊ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘ကြယ်စင်လိုအချစ်များ’၊ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘တင်ဇာမော်ရဲ့ တင်ဇာမော် ၂’စတဲ့ တေးအယ်လ်ဘမ်တွေ ထွက်ရှိခဲ့ပြီးနောက်မှာ ဂီတလောကကနေ နှစ်အတန်ကြာ ပျောက်နေခဲ့ ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာတော့ ‘ကိုယ့်မွေးနေ့’အမည်နဲ့ တကိုယ်တော်တေးဂီတ ဖျော်ဖြေပွဲနဲ့ အတူ တကျော့ပြန်ဝင်ရောက်လာခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ တကျော့ပြန်တင်ဇာမော်ကို ပရိသတ်တွေ အသိအမှတ်ပြုကြရတဲ့ ‘Seven’ဆိုတဲ့ တကိုယ်တော်တေးအယ်လ်ဘမ်နဲ့အတူ တေးဂီတဆုတွေ ရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာပဲ Myanmar Idol Season 2 ရဲ့ ဒိုင်တဦးအဖြစ်ပါဝင်ခဲ့ကာ လက်ရှိ Season 4 မှာလည်း အောင်ကိုလတ်၊ ဖြူဖြူကျော်သိန်းတို့နဲ့အတူ ဒိုင်တဦးအနေနဲ့ ပါဝင် တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ “အချစ်တို့နဲ့ မင်း လှည့်ပြန်ခဲ့… Baby သက်သက်မဲ့ မင်း မရက်စက်နဲ့… ဒီရင်ခွင်မှာ ကိုယ်တန်ဖိုးထားခဲ့တာ… မင်းရဲ့ အချစ်တွေပါ… မင်းရဲ့ အချစ်တွေပါ”        ခုထွက်ရှိလာတဲ့ သီချင်းထဲမှာလည်း ပရိသတ်တွေက တချိန်က မှော်ဝင်သီချင်းသည် တင်ဇာမော်ကို တကျော့ပြန်ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။ “ဟိုအရင်လို ပုခုံးလေး မှီနေရင်းငါ… နေချင်တယ်… အချစ်ရဆုံး နင့်အနား… လွမ်းနေမိတော့… စောင့်မျှော်မိတယ်… ဒီရင်ကို ဝေဒနာတွေ နင်မပေးနဲ့… ပျော်ရွှင်စရာ အတိတ်ကလို နေ့စွဲတွေ… ပြန်လည်ကာ လွမ်းရင်းနဲ့ ငါ့တယောက်တည်း… ရူးနေခဲ့တာ… ချစ်လွန်းလို့ပါ… ဒီရင်ကို ကြေကွဲအောင် မလုပ်လိုက်ပါနဲ့… Oh…”        လှပတဲ့ အလွမ်းအဆွေး တေးသွားမယ်လိုဒီတွေကြားက ‘ဝေဒနာတွေမပေးနဲ့’သီ ချင်းကိုတော့ Joox Myanmar မှာ နားဆင်နိုင်သလို Myanmar Music Store ကနေတဆင့်လည်း ဝယ်ယူအားပေးနိုင်မှာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024