မန္တလေးတိုင်း၊ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ပြည်ကြီးမျက်ရှင်ကားကြီးဝန်းအတွင်း ခရီးသည်တွေထံကနေ ငွေခြိမ်းခြောက်လုယက်သွားတဲ့ အဖွဲ့ကို ဖမ်းဆီးရမိခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
မူဆယ်မြို့ကနေ ရန်ကုန်မြို့သွားမဲ့ ခရီးသည် အိုက်ထွန်းလူဟာ သူငယ်ချင်း ဆန်ဖောင်း၊ မားမတို့နဲ့အတူ မန္တလေးမြို့ပြည်ကြီးမျက်ရှင်ကားကြီးဝန်းကို ဇန်နဝါရီ ၁ ရက်နေ့မနက် အစောပိုင်းက ရောက်ရှိခဲ့ပါတယ်။
အိုက်ထွန်းလူ၊ ဆန်ဖောင်း၊ မားမတို့ဟာ ဆိုင်ကယ် ကယ်ရီ ၂ စီးငှားရမ်းပြီး မန္တလေးမြို့မှာ ခေတ္တညအိပ်ဖို့ တည်းခိုခန်းငှားရမ်းရာ မရခဲ့တဲ့အတွက် ရန်ကုန်သွားမဲ့ ကားလက်မှတ်ဝယ်ယူဖို့ ကယ်ရီသမားတွေ ချမ်းအေးသာစံမြို့နယ် ၇၇ လမ်း ၃၂ လမ်း နဲ့ ၃၃ လမ်းကြားက ခွေးဘီလူးယာဉ်ရှိရာကို ခေါ်ဆောင်သွားခဲ့တယ်လို့ မှုခင်းမှတ်တမ်းမှာဖော်ပြထားပါတယ်။
ဆိုင်ကယ်ကယ်ရီ မောင်းသူတွေက တဦးလျှင် ကားခငွေ ၃၆၀၀၀ ကျပ် ကျသင့်ကြောင်းပြောပြီး ၃ ဦးစာအတွက် ငွေ ၁၀၈၀၀၀ ကျပ် ပေးခဲ့ပြီးနောက် အိုက်ထွန်းလူတို့ သုံးဦးကို ခွေးဘီလူးယာဉ်ပေါ်ကို တင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ယာဉ်ပေါ်ပါလာသူတွေက အိုက်ထူးလူပါ ၃ ဦးအား အပြင်းအထန်နာကျင်စေမယ်လို့ ခြိမ်းခြောက်ပြောဆိုကာ ငွေ ၆၃၀၀၀၀ ကျပ် နဲ့တရုတ်ယွမ်ငွေ ၁၂၀၀ ကျပ်တို့ကို အတင်းလုယူသွားခဲ့ကြတယ်လို့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
ကျူးလွန်သူတွေဖြစ်တဲ့ ဗိုလ်ခင် (ခ) မျိုးမျိုး၊ ဝင်းအောင်(ခ) နွားကြီး မြင့်လွင်(ခ)အောင်ပင်လယ်တို့ (၃) ဦးကို စစ်ဆေးမေးမြန်းရာ ခြိမ်းခြောက်ငွေ တောင်းယူသွားသူတွေ ဖြစ်ကြတဲ့ ကျော်မင်းဦး၊ မင်းမင်းနိုင်(ခ)သားသား၊ ချမ်းသာ၊ ဗိုလ်လေး(ခ)သန့်ဇင်မြင့်ထွန်း တို့ဖြစ်ကြောင်း သိရတာလို့ ဆိုပါတယ်။
ခြိမ်းခြောက်လုယက်သွားသူ ကျော်မင်းဦးပါ ၄ ဦးနဲ့အတူ ဆိုင်ကယ် ကယ်ရီမောင်းသူ ၃ ဦးတို့တို့ကို ဖမ်းဆီးအရေးယူထားပါတယ်။