Home
မြန်မာသတင်း
ပုသိမ်မြို့ ကမ်းနားလမ်းကို ငွေကျပ်သိန်း ၁ သောင်းခန့်အသုံးပြု တိုးချဲ့မည်
DVB
·
January 2, 2020

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ကမ်းနားလမ်းမှာ လမ်းပိတ်ဆို့မှုများမကြာခဏ ဖြစ်ပေါ်နေတာကြောင့် ငွေကျပ် သန်းတစ်ထောင်နီးပါး အသုံးပြုပြီး ပြင်ဆင်မှုတွေ စတင်ပြုလုပ်တော့မယ်လို့ သိရပါတယ်။

ယာဉ်ပိတ်ဆို့မှုတွေ မကြာခဏဖြစ်ပေါ်နေတာကြောင့် တိုင်းစည်ပင်ရုံရှေ့ကနေ မြေနုလမ်း ထိပ်အထိ လမ်းအရှည် ပေ ၃၉၀၊ ကမ်းနားဘက်ကို အကျယ်ပေ ၂၀ လောက် တိုးချဲ့သွားမယ်လို့ တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး က ပြောတယ်။

“ကမ်းနားလမ်းက တော်တော်များများသိတဲ့အတိုင်းပဲ လမ်းကြပ်တာ၊ လမ်းချဲ့လိုက်ရင် တကယ် ကောင်းတဲ့ နေရာလေးဖြစ်သွားမှာနဲ့ ပြည်သူတွေအပန်းဖြေလို့ရတဲ့ နေရာလေးဖြစ်သွား မှာပါ၊ ပြီးတော့ မြစ်ကမ်းပြိုကျတာတွေကိုလည်း ထိန်းသိမ်းပြီးသားဖြစ်သွားမယ်၊ အများကြီး အကျိုးရှိလာမှာပါ။”

လမ်းတိုးချဲ့တဲ့လုပ်ငန်းကို တင်ဒါအောင်မြင်ထားသော Family Nest ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်သွားမှာဖြစ်ပြီး စီမံကိန်းကုန်ကျစရိတ်ငွေ ၉၇၁ ဒသမ ၇၁၃ သန်းကုန်ကျမယ်လို့ ဆိုပါတယ်။

ကမ်းနားလမ်းမှာ အလုပ်လုပ်ကိုင်နေတဲ့ ပုသိမ်မြို့ခံ ကိုအောင်အောင်က “ကမ်းနားလမ်း တိုးချဲ့မယ်ကြားရတော့ ဝမ်းသာပါတယ်၊ လမ်းကအမြဲပိတ်ဆို့နေတာလေ ခုလို ချဲ့လိုက်မယ်ဆိုရင် တော်တော်လေးကိုအဆင်ပြေသွားမှာပါ။ နောက်ပြီး ပြည်သူတွေနားနေဖို့ အစီစဉ်တွေပါ ထည့်လုပ် ပေးထားတော့ ပို့ကောင်းတာပေါ့။ ဒါပေမယ့် လမ်းချဲ့ ပြီးသွားလို့ အရင်လို စျေးဆိုင်တွေ ပြန်ရောင်းခွင့်ပြုရင်တော့ ဘာမှထူးလာမှာမဟုတ်ဘူး” လို့ ဒီဗွီဘီကိုပြောပါတယ်။

လမ်းတိုးချဲ့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က တိုင်းအစိုးရအဖွဲ့က လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေက ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံပြီး ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

မင်းထက်မုန်း (ပုသိမ်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024