VAR စနစ်ကို မော်ရင်ဟို အကြီးအကျယ်ပေါက်ကွဲ

ဘောလုံးပွဲအတွင်းမှာဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်ချမှတ်ရာမှာ ကွင်းထဲမှာရှိ မနေတဲ့ ဒိုင်လူကြီးတွေက ကွင်းထဲကဒိုင်လူကြီးတွေထက်ပိုပြီးတော့ သြဇာကြီးနေတယ်လို့ မော်ရင်ဟိုက VAR စနစ် နဲ့ပတ်သတ်ပြီးတော့ ဝေဖန်ပြစ်တင်လိုက်ပါတယ်။  ဆောက်သမ်တမ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ အခုလိုပြောဆိုလိုက်တာပါ။ ဆောက်သမ်တမ်တိုက်စစ်မှူး ဒန်နီယဲလ်အင့်စ်က ဒီပွဲစဉ်ရဲ့အဆုံးဖြတ်အနိုင်ဂိုးကို သွင်းယူ သွားခဲ့တာဖြစ်ပြီး ဒီရလဒ်ဟာ မမျှတဘူးလို့ မော်ရင်ဟိုက ယုံကြည်နေပါတယ်။  အထူးသဖြင့် ပထမပိုင်းမှာ စပါးကွင်းလယ်လူ ဒယ်လီ အလီဟာ ပင်နယ်တီဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရပုံရပြီး ဒီဖြစ်ရပ်ကို VAR နဲ့ပြန်လည်စစ်ဆေးခဲ့ခြင်းမရှိပါဘူး။  ဒီဖြစ်ရပ်အပေါ် မော်ရင်ဟိုက အကြီးအကျယ်ပေါက်ကွဲနေပြီးတော့ “ကျနော့်အတွက်တော့ ဒိုင်လူကြီးတွေက ဒိုင်လူကြီးမဟုတ်ပါဘူး။ ဗွီဒီယိုအကူအညီဒိုင်လူကြီး (Video Assistant Referee) ဆိုတာက မှားယွင်းနေတာဖြစ်တဲ့အတွက် VAR ဆိုတဲ့ နာမည်ကြီးကိုပြောင်းပစ် သင့်ပါတယ်။ ဒီစနစ်မှာ ကွင်းထဲက လူထက် ရုံးခန်ထဲကလူတွေက ဆုံးဖြတ်ချက်ချနေတာကြောင့် ဒီစနစ်ကို VR ဗီဒီယိုဒိုင်လူကြီး လို့သာသတ်မှတ်သင့်ပါတယ်” လို့ပြောပါတယ်။  “ခင်ဗျားကွင်းထဲမှာ ဒိုင်လူကြီးတွေကို ‌တွေ့နေရပေမယ့်သူတို့က ဒိုင်လူကြီးတွေမဟုတ်ပါဘူး။ သူတို့က အကူတွေပါ။ သူတို့ဆုံးဖြတ်ချက်ထက် ရုံးခန်းထဲက ဆုံးဖြတ်ချက်တွေက ပိုပြီးအရေးပါနေပါတယ်။ ကျနော့်အထင်တော့ အလီရဲ့ဖြစ်ရပ်က ပင်နယ်တီပါ။ ဒါပေမဲ့ VAR က ဒီဖြစ်ရပ်ကို ပြန်တောင်မကြည့်ခဲ့ပါဘူး” လို့ မော်ရင်ဟိုက ဝေဖန်ပါတယ်။  မော်ရင်ဟိုရဲ့  ဒေါသဟာ ဒယ်လီအလီရဲ့ ဒုတိယဖြစ်ရပ်ကြောင့်ပိုမိုဆိုးရွားခဲ့ရပါတယ်။ ဒီဖြစ်ရပ်မှာ စိန့်ဂိုးသမား အဲလက်ဇ် မက္ကသီက အလီ့ဆီကဘောလုံးကို ဒိုင်ဗင်ပစ်ဝင်လုခဲ့တာဖြစ်ပါတယ်။  ဒီဖြစ်ရပ်ဟာ ပင်နယ်တီမဟုတ်ကြောင်း  မော်ရင်ဟိုက ဝန်ခံခဲ့ပေမယ့် ဒီဖြစ်ရပ်ကို VAR နဲ့ စစ်ဆေးမှုလုပ်ဆောင်တာကတော့ မဖြစ်သင့်ဘူးလို့ မော်ရင်ဟိုကပြောပါတယ်။  ဒီလိုစစ်ဆေးရတာဟာ တကယ့်တကယ်ပြန်လည်စစ်ဆေးရမယ့် ပထမဖြစ်ရပ်မှာ မစစ်ဆေး  ခဲ့လို့ ဒုတိယဖြစ်ရပ်ကို အစားထိုးစစ်ဆေးပြတာလို့လည်း မော်ရင်ဟိုက စွပ်စွဲခဲ့ပါသေးတယ်။  ဗုဒ္ဓဟူးနေ့ ရှုံးပွဲကြောင့်မော်ရင်ဟိုရဲ့စပါးအသင်းဟာ အဆင့်လေးနေရာက ချဲလ်ဆီးအသင်းနဲ့ ခြောက်မှတ်အကွာ အဆင့် ခြောက်နေရာမှာရှိနေပြီဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up