ရွှေမော်ဓောဘုရားတွင် အမျိုးသမီးတဦးအား ဈေးသည်များဝိုင်းရိုက်သတင်း မမှန်ဟု ဂေါပကပြော
DVB
·
January 2, 2020
ပဲခူးမြို့က တန်းခိုးကြီး ဘုရားတစ်ဆူဖြစ်တဲ့ ရွှေမော်ဓောဘုရားမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့က ဘုရားလာဖူးတဲ့ အမျိုးသမီးတယောက်အား ဈေးသည်တွေက ဝိုင်းရိုက်တယ်ဆိုပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့သတင်းဟာ မဟုတ်မှန်ဘဲ ရွှေမော်ဓောစေတီ ဂေါပကတာဝန်ရှိသူတွေက ပြောပါတယ်။
အမှန်တော့ အဲဒီနေ့က ရွှေမော်ဓေါစေတီ အနောက်ဘက်မုခ်မှာ ဈေးရောင်းတဲ့သူတွေနဲ့ ဆိုင်ကယ်စတန့်စီးသူတွေ အချင်းချင်းရန်ဖြစ်ကြတာဖြစ်ပြီး ဒါကို လူမှုကွန်ရက်ပေါ်တင်တဲ့သူက အစအဆုံးမသိပဲ တင်လိုက်တာလို့ ရွှေမော်ဓောစေတီတော်အလှည့်ကြဂေါပကအဖွဲ့ဝင် ဦးဝင်းဦးက ပြောပါတယ်။
ဒီသတင်းက လုံးဝမဟုတ်ကြောင်းနဲ့ ဈေးသည်တွေထဲမှာလည်း ဝိုင်းရိုက်တယ်ဆိုတာ လုံးဝမရှိဘူးလို့ ဈေးသည်တဦးဖြစ်တဲ့ ဒေါ်ချိုက ပြောပါတယ်။
အခုလို ဖြစ်ရတာက ပျံကျဈေးသည်တွေ များလာလို့ဖြစ်ပြီး အဲဒီဈေးသည်တွေကို ဘုရားမုခ်ပေါက်ဝ လမ်းတွေပေါ်မှာ ဘေးတွဲတွေ တွင်းလှည်းတွေနဲ့ ရောင်းနေကြတဲ့အတွက် ဘုရား မုခ်ပေါက်အဝင်ဝတွေမှာ လမ်းပိတ်ဆို့တာတွေလည်း ဖြစ်နေတယ်လို့ ရွှေမော်ဓောစေတီတော်အလှည့်ကြဂေါပကအဖွဲ့ သဘာပတိ ဦးမြင့်စိုးက ပြောပါတယ်။
ဘုရားဂေါပကအဖွဲ့ကနေ အဲဒီပျံကျဈေးစည်တွေကို ယာဉ်ရပ်နားဝင်းရှေ့တည့်တည့်က ဗိမ္မာန်ရှေ့နဲ့ အနောက်ဘက်မုခ်က သန့်စင်ခန်းဘေး လမ်းကြားတလျှောက် နေရာ ၂ ခုမှာ သက်မှတ်ပေးဖို့ စီစဉ်နေတာပါ။ ဒါပေမယ့် ဂေါပကတွေပေးတဲ့နေရာက လူသွားလူလာနည်းပြီး ဈေးရောင်မကောင်းတဲ့နေရာတွေဖြစ်နေတဲ့အတွက် ဈေးသည်တွေက သွားမရောင်းကျတာလို့ သိရပါတယ်။
အောင်စိုးမိုး