Live
Home
မြန်မာသတင်း
နှစ်သစ်ကူးညက ရန်ကုန်နှင့် မန္တလေးတွင် လူပေါင်း  ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရ
DVB
·
January 1, 2020
၂၀၁၉ ကနေ ၂၀၂၀ ပြည့်နှစ်ကို ကူးပြောင်းတဲ့ ဒီဇင်ဘာ ၃၁ နှစ်သစ်ကူးညမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို ထိခိုက်ဒဏ်ရာရပြီး ရောက်လာတဲ့ လူနာဦးရေ ၁၃၀ ဝန်းကျင်ရှိတယ်လို့ အရေးပေါ်ဌာနရဲ့ တာဝန်ရှိသူကပြောပါတယ်။ ယာဉ်တိုက်တာ၊ ခိုက်ရန်ဖြစ်ပွားတာတွေနဲ့ တခြားထိခိုက်ဒဏ်ရာရတာတွေကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနကိုရောက်လာတဲ့ လူနာဦးရေ ၁၂၉ ဦးရှိပြီး အရင် ၂၀၁၈ ခုနှစ်က ထက်လျော့ကျခဲ့ပါတယ်။ နှစ်သစ်ကူးညတွေမှာ အရေးပေါ်ဌာနအနေနဲ့ လူနာပိုရောက်လေ့ရှိပြီး နှစ်သစ်ကူးချိန်ည ၁၂ နာရီနဲ့ မနက်မိုးမလင်းခင်အချိန် ယာဉ်မတော်တဆမှုနဲ့ ခိုက်ရန်ဖြစ်တာတွေ ပိုဖြစ်တတ်တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနက ပါမောက္ခ  ဒေါက်တာမော်ဦးက ပြောပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနကို မနေ့ညက ရောက်လာတဲ့လူနာတွေထဲမှာ ယာဉ် မတော်တဆဖြစ်တာကြောင့် ၅၃ ယောက်၊ ခိုက်ရန်ဖြစ်တာကြောင့် ၂၄ ယောက်နဲ့ တခြားထိခိုက်တာတွေကြောင့် ၅၂ ယောက် ဆေးရုံကိုရောက်ရှိခဲ့ပါတယ်။ ဒီလူနာတွေထဲမှာ သာမန်ပွန်းပဲ့တာနဲ့ အရိုးကျိုး လူနာ၂၉ယောက်၊ ခေါင်းကိုထိခိုက်တာ ၂၃ ယောက်နဲ့ စိုးရိမ်ရလူနာ ၅ ယောက် ရှိပေမယ့် သေဆုံးသူမရှိဘူးလို့  ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနက သိရပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၈ နှစ်သစ်ကူးညကတော့  ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို လူနာ ပေါင်း ၁၇၃ ဦးရောက်ရှိခဲ့တယ်လို့ သိရပါတယ်။  မန္တလေးမြို့မှာလည်း မနေ့ည နှစ်သစ်ကူးချိန်ကာလအတွင်း ယာဉ်မတော်တဆမှုနဲ့ လူ ၉၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒီအထဲက အတွင်းလူနာအနေနဲ့ ၂၄ ယောက်တက်ရောက်ကုသနေရတယ်လို့ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး ပြင်ပလူနာဌာန စာရင်းတွေအရသိရပါတယ်။ မန္တလေးမြို့မှာ ၂၀၁၈ နှစ်သစ်ကူးညတုန်းကတော့ ထိခိုက်ဒဏ်ရာရရှိသူ ၈၁ ဦးရှိခဲ့ပြီး ၂၀၁၇ မှာတော့ ထိခိုက်ဒဏ်ရာရရှိသူ ၆၁ ဦးနဲ့ သေဆုံးသူ ၄ ဦးရှိခဲ့လို့ အခုနှစ်မှာ အရင်နှစ်တွေကထက် ထိခိုက်ဒဏ်ရာရာသူ ပိုများလာတာကို တွေ့ရပါတယ်။ မေစု/ စူပါ

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024