Homeမြန်မာသတင်း
မြောက်ပိုင်း ၃ ဖွဲ့က အပစ်ရပ်ကာလ ၂ လထပ်တိုး၊ အပစ်ရပ်စာချုပ်လက်မှတ်ထိုးရန် တပ်မတော်ကို ဖိတ်ခေါ်
မြောက်ပိုင်း ၃ ဖွဲ့က အပစ်ရပ်ကာလ ၂ လထပ်တိုး၊ အပစ်ရပ်စာချုပ်လက်မှတ်ထိုးရန် တပ်မတော်ကို ဖိတ်ခေါ်
DVB
·
January 1, 2020
မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့် (MNDAA) ၊ တအောင်း (TNLA)နဲ့ ရက္ခိုင့်တပ်တော် (AA)တို့က တဖက်သတ် အပစ်ရပ်ထားမှုကို ၂၀၂၀ ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၉ ရက်အထိ သက်တမ်း ၂ လ ထပ်တိုးလိုက်ကြောင်းကြေညာပါတယ်။
သက်တမ်းတိုးရတာဟာ နှစ်ဘက်အပစ်အခတ်ရပ်စဲရေးဆိုင်ရာစာချုပ် (Bilateral Ceasefire Agreement) သဘောတူလက်မှတ်ရေးထိုးနိုင်မယ့် တွေ့ဆုံဆွေးနွေးရေး လုပ်နိုင်အောင်နဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ငြိမ်းချမ်းသောပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ပြီး ပြည်တွင်းစစ် လုံးဝချုပ်ငြိမ်းကာ ငြိမ်းချမ်းရေးကိုဖော်ဆောင်ဖို့ ဖြစ်တယ်လို့ ၃ ဖွဲ့ပေါင်းကြေညာချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် မြန်မာ့တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း အသီးသီးအပေါ် ထိုးစစ်ဆင်တာတွေ ချက်ချင်းရပ်ပြီး အပစ်အခတ်ရပ်စဲရေးနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကို အပြည့်အဝဖော်ဆောင်ကာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ အမြန်ဆုံး အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ထိုးဖို့လည်း တိုက်တွန်းထားပါတယ်။
တဖက်သတ်အပစ်အခတ်ရပ် ကြေညာထားတဲ့ ကာလအတွင်း မြန်မာ့တပ်မတော်အနေနဲ့ မိမိတို့အဖွဲ့များကို ပုံစံအမျိုးမျိုးနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေမယ်ဆိုရင် ညီနောင်မဟာမိတ်(၃)ဖွဲ့ အနေနဲ့ ခုခံကာကွယ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ အရင်ကလည်း တဖက်သတ် အပစ်ရပ်ကြေညာခဲ့ဖူးပြီး ခုတကြိမ်ဟာ တတိယအကြိမ်မြောက် သက်တမ်းတိုးတာဖြစ်ပါတယ်။ ခုလို ကြေညာခဲ့ပေမယ့် ရခိုင်ပြည်နယ်ထဲမှာတော့ အေအေအဖွဲ့နဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေကတော့ မရပ်မနား ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။
အလားတူ တပ်မတော်ကလည်း ရခိုင်ပြည်နယ်ကလွဲပြီး တခြား စစ်တိုင်းဒေသကြီးတွေမှာ တဖက်သတ် အပစ်ရပ်ကြောင်း ကြေညာခဲ့ဖူးပါတယ်။
ကောင်းကောင်း