Home
မြန်မာသတင်း
ဖမ်းဆီးထားသည့် ကုန်းလမ်းပို့ဆောင်ရေး ယာဉ်မောင်း ၁၆ ဦးကို အေအေပြန်လွှတ်ပေး  
DVB
·
January 1, 2020
အောင်တံခွန်(၇) ရေယာဉ်ပေါ်ကနေ ဖမ်းဆီးခေါ်ဆောင်ထားတဲ့ ကုန်းလမ်းပို့ဆောင်ရေးဌာနက  ယာဉ်မောင်း ၁၆ ယောက်ကို ဒီနေ့မနက်က ပြန်လွှတ်ပေးလိုက်ပြီလို့ ရက္ခိုင့်တပ်တော် (အေအေ)က ထုတ်ပြန်ပါတယ်။ ယာဉ်မောင်း ၁၆ ဦးကို စစ်ဆေးပြီးတဲ့အချိန်မှာ စစ်ဘက်နဲ့ သက်ဆိုင်သူတွေ၊ မသင်္ကာဖွယ်ရာသူတွေမဟုတ်လို့ တယောက်မကျန်ပြန်လွှတ်ပေးလိုက်တာလို့ဆိုပါတယ်။ ရခိုင်ပြည်နယ်၊ စစ်တွေကနေ ဘူးသီးတောင်ကို ဒီဇင်ဘာ ၃၁ ရက်က ထွက်ခွာလာတဲ့ အောင်တံခွန် ၇ ရေယာဉ်ကို အေအေက  ရသေ့တောင်မြို့နယ်ထဲမှာ တားဆီးရပ်တန့်စစ်ဆေးပြီး ပါလာတဲ့ ခရီးသည် ၈၉ ယောက်ထဲက ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးဌာနက ယာဉ်မောင်း ဝန်ထမ်း ၁၆ ယောက်ကို ဖမ်းဆီးထားလိုက်တာ ဖြစ်ပါတယ်။ ယာဉ်မောင်း ၁၆ ယောက်ကို ရသေ့တောင်မြို့နယ်၊ ပြိန်းတောရွာနားမှာ ဖမ်းဆီးခေါ်ယူထားလိုက်တာဖြစ်ပြီး ဘူးသီးတောင်မြို့နယ်၊ သေကံရွာစာသင်ကျောင်းမှာ ဒီနေ့မက် ၇ နာရီ ၄၅ မိနစ်လောက်က ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတွေဆီကို အပ်လိုက်တာဖြစ်ပြီး ဖမ်းဆီးထားချိန်မှာ ကောင်းမွန်စွာ စစ်ဆေးခဲ့သလို ပြန်လွှတ်ပေးခဲ့ချိန်မှာလည်း ကောင်းမွန်စွာ ပြန်လွှတ်ပေးခဲ့တယ်လို့ အေအေအဖွဲ့က ဆိုပါတယ်။ အဆိုပါလွတ်မြောက်လာသူတွေအားလုံးကို  သွားရောက် ခေါ်ဆောင်နေတယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး  ဦးစိုအောင်က ဒီဗွီဘီ ကိုပြောပါတယ်။ "ဟုတ်ပါတယ် လွှတ်ပေးလိုက်တာ။  အခုသွားရောက်ခေါ်ဆောင်နေပါတယ်။ သေချာပါတယ်။” လို့ ပြောပါတယ်။ ပြန်လည်လွှတ်ပေးလိုက်တဲ့ ယာဉ်မောင်း (၁၆) ဦးကတော့  (၁) ဇော်ကိုဦး (၃၉) နှစ် (၂) ခင်မောင်ကျော် (၅၅) နှစ် (၃)ဆန်းထွန်းအောင် (၄၄) နှစ် (၄)တင်ထက်အောင် (၃၁) နှစ် (၅) အောင်မိုးလွင် (၃၇) နှစ် (၆) ဇော်ထွန်းဦး (၄၄) နှစ် (၇) ဝင်းထွန်းသန်း (၄၆) နှစ် (၈) အေးထွန်း (၄၁) နှစ် (၉) မင်းမင်း (၃၅) နှစ် (၁၀) မောင်မောင်အေး (၅၄) နှစ် (၁၁) အောင်ကျော်သူ (၄၄) နှစ် (၁၂) နောင်ထွန်း (၄၁) နှစ် (၁၃) ဝင်းဇော်ဌေး (၄၂) နှစ် (၁၄) တင်ရွှေ (၅၇) နှစ် (၁၅) အောင်အောင် (၄၄) နှစ် (၁၆) စိုးကျော်(ခ) ဘိုကျော် (၄၈) နှစ် တို့ဖြစ်ကြောင်း အေအေက ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်ထဲက တိုက်ပွဲဖြစ်နေတဲ့နေရာဒေသတွေ၊ ညမထွက်ရ အမိန့်ထုတ်ထားတဲ့ နေရာတွေမှာ အစုလိုက် ခရီးသွားလာမယ်ဆိုရင် သူတို့ကိုသတင်းပေးပို့ပြီးမှ သွားလာကြဖို့လည်း အေအေက ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂၉ ရက်ကလည်း ဘူးသီးတောင်မြို့နယ် အုတ်တောင်ကျေးရွာအုပ်ချုပ် ရေးမှူး ဦးအောင်ကျော်စိန်၊ ဆယ်အိမ်မှူး ဦးမောင်စံလှနဲ့  ကျောင်းဆရာ ဦးဆင်ဟုန်(ခေါ်)ဦးသာဦးတို့ကို အေအေ အဖွဲ့ကဖမ်းဆီးသွားခဲ့သလို ဒီဇင်ဘာ ၂၄ ရက်နေ့မှာလည်း ဘူးသီးတောင်မြို့ နယ်တောင်ဘဇာနယ်မြေ လဝက ရုံးမှာ တာဝန်ကျနေတဲ့ လဝက  အရာရှိ ၃ ယောက်ကို ဖမ်းဆီးသွားခဲ့ပါတယ်။ အေအေက ဖမ်းဆီးထိန်းသိမ်းထားတဲ့အထဲက စစ်ဘက်နဲ့မသက်ဆိုင်တဲ့ အရပ်သား ၂ ယောက်ကို ဒီဇင်ဘာ ၂၈ ရက်က ပြန်လွှတ်ပေးလိုက်ပြီလို့ အေအေအဖွဲ့က သတင်းထုတ်ပြန်ထား ပါတယ်။ ဒါ့အပြင် ရသေ့တောင်မြို့နယ် ရေမျက်ကျေးရွာနားမှာ ရွှေနဒီအမြန်ရေယာဉ်ပေါ်ကနေ‌ ဖမ်းဆီးခေါ်ဆောင်သွားတဲ့အထဲမှာ စစ်ဘက်နဲ့ဆိုင်တဲ့သူတွေကလွဲပြီး အရပ်သား တယောက်မှ မရှိတော့ဘူးလို့လည်း အေအေ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အေအေက ဖမ်းဆီးထားတဲ့အထဲမှာ အရပ်သားတွေအပါအဝင် ပလက်ဝမြို့နယ် အန်အယ်လ်ဒီ အမတ် ဦးဝှေ့တင်း၊ ဘူးသီးတောင်မြို့နယ် အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဦးရဲသိန်းတို့လည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဦးရဲသိန်းကတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သေဆုံးခဲ့ပါတယ်။ အေအေ က ဖမ်းဆီးထားသူ  စုစုပေါင်း ဘယ်လောက်ကျန်တယ်ဆိုတာတော့ မသိရသေးပါဘူး။ ကောင်းကောင်း  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024